ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ် ၃-၄ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက်အတွက် အဖိုးတန် အနိုင်ဂိုးကို အချိန်ပိုမှာ သွင်းယူပေးခဲ့တဲ့ ကယ်တင်ရှင်လေး ကိုဘီ မိုင်နူးက သူ့ရဲ့ စံပြကစားသမားဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ အထိ ကစားခွင့် ရထားပါတယ်။

Photo Credit: Euro Sports

ကိုဘီ မိုင်နူးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးပို့တ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာလည်း ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး စတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

ဝုလ်ဗ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က မိနစ် ၆၀ ဝန်းကျင် အထိ ပွဲကို စိုးမိုးထားနိုင်ခဲ့သလို ၀-၂ ၊ ၁-၃ ဆိုတဲ့ ရလဒ်တွေနဲ့ အချိန်အတော်ကြာ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀ကျော်လာချိန်မှာ ဝုလ်ဗ်ရဲ့ တိုက်စစ်ဆင်မှုတွေကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ချေပဂိုး ၂ဂိုး အထိ ပြန်ပေးခဲ့ရပါတယ်။

Photo Credit: Sky Sports

၃-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်ခဲ့ကြပေမယ့် မိုင်နူးက ပွဲချိန် ၉၀+၇မိနစ်မှာ ဝုလ်ဗ်ကစားသမား ၂ဦးကို လှလှပပ ဖြတ်ကျော်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို ဝေ့ဝိုက်ကာ ကန်သွင်းရင်း ယူနိုက်တက်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မိုင်နူးက သူ့ရဲ့ စံပြကစားသမားဟာ ဘရူနို ဖာနန်ဒက်စ် ဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေက သူ့အတွက် မိသားစုလိုပဲလို့ ပြောကြားလာခဲ့ပါတယ်။ မိုင်နူးက – “ဘရူနို ဖာနန်ဒက်စ်က စံပြကစားသမားကောင်းပါ။ သူနဲ့အတူတူ တွဲဖက် ကစားခွင့်ရနေတာကိုက ရူးလောက်စရာ ခံစားချက်မျိုး ရစေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာက အိမ်မက်တခု အမှန် ဖြစ်လာတာပါပဲ။ ကျွန်တော်က အခုချိန်အထိ အိမ်မက် မက်နေသလို ခံစားနေရဆဲပါ။ တကယ်ပြောတာဗျ။ ကျွန်တော့်ရဲ့ ငယ်ဘဝအိမ်မက်ကလပ်မှာ ကစားရင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေရတာက အိမ်မက်လိုပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။