အီတလီ စီးရီးအေ အင်အားကြီးကလပ် အေစီမီလန်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မိုင်နန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အေစီမီလန် ၃-၁ ဖရိုစီနိုနီ ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ၁ကြိမ် လုပ်ပေးနိုင်ခဲ့ကြောင်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။

မိုင်နန်ရဲ့ အေစီမီလန်က စီးရီးအေ ပွဲစဉ်(၁၄) အဖြစ် ဖရိုစီနိုနီကို အိမ်ကွင်းဖြစ်တဲ့ ဆန်စီရိုကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ယိုဗစ် ၊ ပူလီဆစ်နဲ့ တိုမိုရီတို့ရဲ့ သွင်းဂိုးတွေကြောင့် အေစီမီလန်ဟာ ဖရိုစီနိုနီကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ကာ ဖရိုစီနိုနီအတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ လူစားဝင် ကစားသမား ဘရက်စီယာနီနီက သွင်းယူပေးခဲ့တာပါ။

Photo Credit: Samper Milan

အေစီမီလန် ၃-၁ ဖရိုစီနိုနီ ပွဲစဉ်မှာ အေစီမီလန်ဂိုးသမား မိုင်နန်က ဖရိုစီနိုနီရဲ့ ဂိုးရနိုင်တဲ့ ကန်သွင်းချက် ၂ကြိမ်ကို လက်စွမ်းပြ ကာကွယ်ခဲ့သလို ပူလီဆစ်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကိုလည်း သူ့ရဲ့ တိကျတဲ့ အဝေးဘော ပေးပို့ချက်နဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဖရိုစီနိုနီနဲ့ပွဲမှာ ပူလီဆစ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာကြောင့် မိုင်နန်ဟာ ဥရောပ ထိပ်သီးလိဂ်တွေမှာ ၃ရာသီဆက်တိုက် ဂိုးဖန်တီးမှုတွေ လုပ်နိုင်တဲ့ ပထမဦးဆုံး ဂိုးသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit: AC Milan

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဂိုးသမား မိုင်နန်က ကမ္ဘာ့အဆင့် ဂိုးသမား တဦး ဖြစ်သလို သူ့ရဲ့ တိကျတဲ့ အဝေးဘော ပေးပို့နိုင်စွမ်းကြောင့် မကြာခဏ ဂိုးဖန်တီးမှုတွေ ရလေ့ ရှိပြီး သူက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ၊ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွေမှာလည်း အသင်းဖော် တိုက်စစ် ကစားသမားတွေ အတွက် ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။

မိုင်နန်က ၂၀၂၁ခုနှစ်မှာ လိုင်လီ ကနေ အေစီမီလန်ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မိုင်နန်က အေစီမီလန်အတွက် ပြိုင်ပွဲစုံမှာ ၈၄ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၇၉ဂိုးသာ ခွင့်ပြုခဲ့ရသလို ပေးဂိုးမရှိတဲ့ပွဲ ၃၅ပွဲ အထိ ရရှိခဲ့ပါတယ်။