ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ အင်္ဂလန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် Who Scoredရဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့် အကောင်းဆုံး လူစာရင်းထဲမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူ ပါဝင်ကစားတဲ့ အချိန်တိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ဟာ သွင်းဂိုးတွေ များစွာ ခွင့်ပြုပေးရလေ့ ရှိပါတယ်။

Photo Credit: Standard

ဒါပေမယ့် မက်ဂွိုင်းယားက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပြီး အင်္ဂလန် အတွက် အုပ်စုပွဲ ၃ပွဲစလုံး ပါဝင် ကစားပေးခဲ့သလို အဆိုပါ ၃ပွဲမှာ ပေးဂိုးမဲ့ပွဲ ၂ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မက်ဂွိုင်းယားက Who Scoredက ရွေးချယ်တဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့်ရဲ့ အကောင်းဆုံး လူစာရင်းထဲမှာ ပါဝင်ခွင့် ရခဲ့ပြီး Who Scoredက ရွေးချယ်တဲ့ လူစာရင်းထဲမှာ မက်ဂွိုင်းယား အပြင် သူ့ရဲ့ ကလပ်အသင်းဖော်တွေ ဖြစ်တဲ့ ကတ်စ်မဲရိုးနဲ့ ဘရူနို ဖာနန်ဒက်တို့လည်း ပါဝင်ခဲ့ကြပါတယ်။

Photo Credit: WhoScored.com

ဘောလုံးလောကမှာ ဩဇာတိက္ကမ ကြီးမားတဲ့ WhoScored.comရဲ့ အုပ်စုအဆင့် အကောင်းဆုံး လူစာရင်းကို ၄-၂-၃-၁ ကစားကွက်နဲ့ ပုံဖော်ထားခဲ့ပြီး ဂိုးသမားနေရာမှာ ပင်နယ်တီ ၂ကြိမ် ကာကွယ်ထားနိုင်တဲ့ ဆက်ဇ်စနီ ရှိနေကာ နောက်တန်းမှာတော့ မော်ရိုကို ညာနောက်ခံလူ ဟာခီမီ ၊ ကင်မရွန်း ဗဟိုနောက်ခံလူ ကာစတယ်လက်တို ၊ မက်ဂွိုင်းယားနဲ့ ပြင်သစ် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်တို့က ရွေးချယ်ခံခဲ့ရပါတယ်။

ကွင်းလယ်အထိုင်မှာတော့ ဘရာဇီးလ် ကွင်းလယ်လူ ကတ်စ်မဲရိုးနဲ့ နယ်သာလန် ကွင်းလယ်လူ ဒီယောင်တို့ ရှိနေကာ သူတို့ရဲ့ အရှေ့မှာတော့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက် ၊ ပြင်သစ် နောက်ချန်တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အမ်ဘာပေတို့ ရွေးချယ်ခံခဲ့ရကာ တိုက်စစ်ကိုတော့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ဦးဆောင်ခွင့် ရခဲ့ပါတယ်။