အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဆောက်ဂိတ်က ယမန်နေ့ညမှာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၆-၂ အီရန် ပွဲစဉ်မှာ လူစားလဲခံခဲ့ရတဲ့ အဓိက ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ ပွဲကန်နေရင်း ဖျားသွားခဲ့တာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပြီး ဒဏ်ရာကြောင့် လူစားလဲခဲ့တာ မဟုတ်ကြောင်း ပွဲအပြီးမှာ ရှင်းပြသွားခဲ့ပါတယ်။

အင်္ဂလန်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန် ၊ ဝေးလ် ၊ အမေရိကန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ရာ အုပ်စုအဖွင့်ပွဲ အဖြစ် အီရန်နဲ့ ရင်ဆိုင် ကစားခဲ့ရာမှာ ဆာကာ ၊ ရက်ဖို့ဒ် ၊ ဘယ်လင်ဟမ် ၊ ဂရီးလစ်ရှ် ၊ စတာလင်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၆-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အင်္ဂလန် ၆-၂ အီရန် ပွဲစဉ်မှာ အင်္ဂလန်က အီရန်ကို ပွဲစပွဲဆုံး တဖက်သတ်နီးပါး ဖိအားပေး ကစားသွားခဲ့ပြီး ပထမပိုင်း အပြီးမှာပဲ ဆာကာ ၊ ဘယ်လင်ဟမ်နဲ့ စတာလင်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒုတိယပိုင်းမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ရက်ဖို့ဒ် ၊ ဖိုဒန် ၊ ဂရီးလစ်ရှ် ၊ ဝီလ်ဆန် စတဲ့ ကစားသမားတွေကို လူစားလဲကာ ဝင်ရောက် ကစားခွင့်ပေးခဲ့ပြီး လူစားဝင် ကစားသမားတွေ အနက် ရက်ဖို့ဒ်နဲ့ ဂရီးလစ်ရှ်တို့က အင်္ဂလန် အတွက် ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူပေးနိုင်ခဲ့ကာ အီရန်အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၆၅မိနစ်နဲ့ ၉၀+၁၃မိနစ်တို့မှာ အဓိက တိုက်စစ်မှူး တာရယ်မီက သွင်းယူပေးခဲ့တာပါ။

အီရန်ရဲ့ ပထမ ချေပဂိုးကို သွင်းယူခဲ့တဲ့ အချိန်အတွင်းမှာပဲ အင်္ဂလန် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ ခေါင်းမူးနေခဲ့တာကြောင့် ဆေးအဖွဲ့ကို ခေါ်ကာ ဆေးကုသမှုတွေ ခံယူခဲ့ရပြီး မက်ဂွိုင်းယားဟာ ခန္ဓာကိုယ် အပူချိန် မြင့်တက်နေတာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့ပဲ အသင်းဖော် ခံစစ်မှူး အဲရစ် ဒိုင်ယာနဲ့ လူစားလဲခဲ့ရပါတယ်။

Photo Credit: Sky Sports

မက်ဂွိုင်းယားဟာ အင်္ဂလန်ရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်တာကြောင့် အင်္ဂလန် ပရိသတ်တွေက မက်ဂွိုင်းယား တယောက် ဒဏ်ရာရသွားမှာကို စိုးရိမ်နေခဲ့ကြပြီး အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားဟာ အဖျားဝေဒနာကြောင့်သာ လူစားလဲခံခဲ့ရတာ ဖြစ်ကာ နောက်ပွဲတွေမှာ ပါဝင်နိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။

မက်ဂွိုင်းယားရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က – “မက်ဂွိုင်းယားက ဖျားသွားခဲ့တာပါ။ သူက အီရန်ရဲ့ ပထမချေပဂိုး မရခင်ထဲက ဆေးအဖွဲ့ကို လှမ်းပြီး အကူအညီ တောင်းခဲ့ပါတယ်။ ပွဲရဲ့ အခြေအနေကြောင့် ကျွန်တော်တို့က သူ့ကို ဆက်ကစားခိုင်းစရာ မလိုပါဘူး။ ဒါကြောင့်ပဲ လူစားလဲခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ အခြေအနေက စိုးရိမ်စရာ မရှိပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။