ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမားကြီး ရိုမယ်လူလ်လူကာကူက သူရဲ့ မူလ ကလပ်အသင်း ချယ်လ်ဆီးကို ပြန်သွားဖို့ထက် လက်ရှိကလပ် အင်တာမီလန်အသင်းဆီမှာသာ ဆက်လက် ရှိနေသွားချင်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Romelu Lukaku says he wants to 'find a solution with Chelsea' to let him  stay with Inter Milan | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ နွေအပြောင်းအရွှေ့မှာ အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ပွဲထွက်ကစားခွင့်တွေလည်း ရရှိခဲ့ပေမယ့် အသင်းနည်းပြဟောင်း တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ရသလို လူကာကူကိုယ်တိုင်ကလည်း တစ်ရာသီလုံးမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ဒီနှစ်ရာသီအစမှာပဲ အသင်းဟောင်း အင်တာမီလန်ဆီကို အငှားနဲ့ ပြန်လာခဲ့ရပြီး အငှားစာချုပ် ပြည့်ချိန်မှာလည်း ချယ်လ်ဆီးနဲ့ ပြန်လည် ပူးပေါင်းဖို့ထက် ကာလရှည်ကြာ ဆက်ရှိသွားချင်တယ်လို့ လူကာကူကိုယ်တိုင် ဖွင့်ဟသွားခဲ့ပါတယ်။

Romelu Lukaku says he wants to 'find a solution with Chelsea' to let him  stay with Inter Milan| All Football

Photo Credit : Daily Mail

လူကာကူက “အနာဂတ်မှာလည်း အင်တာမီလန်အသင်းမှာသာ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီကလပ်အသင်းကို ချစ်လို့ ဒီမှာပဲ ဆက်နေချင်ပါတယ်။ အဖြေတစ်ခု ရှာဖွေနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ချယ်လ်ဆီးအသင်းနဲ့ စကားပြောသွားပါမယ်။ တူဟယ်လ်နဲ့ ကျွန်တော်နဲဲ့ကြားက ဆက်ဆံရေးအကြောင်းတွေ ဘိုလီကို အမှန်အတိုင်း ပြောပြပြီးတဲ့နောက် သူက ကျွန်တော့်ကို အသင်းကနေ ထွက်ခွာခွင့်ပြု ဆုံးဖြတ်ပေးခဲ့ပါတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ ချယ်လ်ဆီးကစားသမားအဖြစ် ရှိနေခဲ့စဉ်တုန်းကSky Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း အင်တာမီလန်အသင်းကို ချစ်မြတ်နိုးကြောင်းနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အင်တာကို ပြန်သွားချင်ကြောင်းတွေ ပြောဆိုခဲ့သလို အဲ့ဒီအချိန်က ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ယူနေတဲ့ နည်းပြတူဟယ်လ်ရဲ့ ကစားပုံကိုပါ ပြောဆိုခဲ့တာတွေကြောင့် လူကာကူက အသင်းမှာ ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့ ရှိလာခဲ့ရသလို သူကိုယ်တိုင်ကလည်း ခြေစွမ်းပြဖို့ ရုန်းကန်လာခဲ့ရပါတယ်။ ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေမှာ လူကာကူကို သူ့အသင်းဟောင်း အင်တာဆီ ပြန်လည် အငှားချလိုက်ရတာဖြစ်ပြီး လူကာကူအနေနဲ့ကလည်း အငှားပြည့်သွားချိန်မှာတောင် ချယ်လ်ဆီးအသင်းဆီ မပြန်ချင်တော့ပဲ အင်တာမှာသာ ဆက်လက် ကစားသွားချင်တာကြောင့် သူ့ကို အပြီးသတ် ရောင်းချပေးဖို့ ဒါမှမဟုတ် အငှားထပ်ချပေးဖို့ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။