လီဗာပူးလ်အသင်းရဲ့ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ် ပါဝင် ကစားချင်နေတဲ့ သူရဲ့အိမ်မက် ကလပ်အသင်းက လာလီဂါ ထိပ်သီး ဘာစီလိုနာအသင်း ဖြစ်တယ်လို့ ဒီယက်ဇ် ဖခင်ဖြစ်သူက ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဘယ်တောင်ပံ ကစားသမား ဒီယက်ဇ်ဟာ ၂၀၂၂ခုနှစ်ကမှ ပေါ်တိုကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်ထိတော့ ဒီယက်ဇ်က လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၆၁)ပွဲထိ ကစားခဲ့သလို (၁၅)ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit : Marca

ဒီယက်ဇ်က လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး လီဗာပူးလ် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း ဒီယက်ဇ် ပါဝင် ကစားချင်ဆုံး ကလပ်အသင်းက ဘာစီလိုနာအသင်း ဖြစ်တယ်လို့ ဒီယက်ဇ် ဖခင်က ပြောဆိုလာပါတယ်။

ဘာစီလိုနာအသင်းကလည်း လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိခဲ့ဖူးသေးပြီး ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဒီယက်ဇ် ဖခင်ကို မေးမြန်းလာရာ “ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်မှုအကြောင်းတွေလား။ သူကတော့ ကျွန်တော့်ကို ဘာစီလိုနာနဲ့ ပတ်သက်တဲ့ အကြောင်းကိစ္စတွေကို ဘာတစ်ခုမှ မပြောခဲ့ပါဘူး။”

Photo Credit : Fanaticos

“ဒါပေမယ့် သူက ဘာစီလိုနာအသင်းကို အားပေးတဲ့ ပရိသတ်တစ်ယောက် ဖြစ်သလို ဘာစီလိုနာကလည်း သူရဲ့ အိမ်မက် ကလပ်အသင်းပါပဲ။ အခွင့်အရေးတွေ ပေးလာခဲ့မယ်ဆိုရင်တော့ သူက ဘာစီလိုနာအသင်းဆီကို သေချာပေါက် ပြောင်းရွှေ့ပါလိမ့်မယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီယက်ဇ်ဟာ ကိုလံဘီယာနိုင်ငံဆီ ရောက်ရှိနေပြီး နိုင်ငံတကာ ရက်သတ္တပတ်ကို ဖြတ်သန်းလျက် ရှိနေသလို ဘရာဇီးလ်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း ကိုလံဘီယာအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတို့ကိုပါ တစ်ဦးတည်း သွင်းယူနိုင်ခဲ့ပါတယ်။