ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဝါရင့် ဂိုးသမား ဟူဂို လိုရစ်ကို စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခွင့် ပေးလိုက်ကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဂိုးသမား ဟူဂို လိုရစ်က ၂၀၁၂ခုနှစ်မှာ လိုင်ယွန် ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၁၂.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စပါးအတွက် ဆယ်စုနှစ် တစုကျော်ကြာ ကစားပေးခဲ့ပါတယ်။

Photo Credit: Goal

ဟူဂို လိုရစ်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တဦး ဖြစ်ပြီး လိုရစ်က စပါးအတွက် ပြိုင်ပွဲစုံမှာ ၄၄၇ပွဲ ပါဝင် ကစားပေးခဲ့သလို အသင်းခေါင်းဆောင် အဖြစ် ကာလရှည် တာဝန်ယူခဲ့ပါသေးတယ်။

လိုရစ်က စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်နေသေးပေမယ့် ယခု နွေဈေးကွက်အတွင်းမှာပဲ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး စပါးနည်းပြသစ် ပိုစတီဂိုဂလူနဲ့ တာဝန်ရှိသူတွေကလည်း လိုရစ်ရဲ့ ဆန္ဒကို လိုက်လျောဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo Credit: Euro Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စပါးက လိုရစ်ကို လာဇီယိုဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ ခွင့်ပြုလိုက်ပြီး လိုရစ်ရဲ့ အေးဂျင့်နဲ့ လာဇီယိုရဲ့ တာဝန်ရှိသူတွေက လုပ်ခလစာနဲ့ ခံစားခွင့်တွေကို ဆက်လက် ညှိနှိုင်းနေကြောင်း သိရပါတယ်။

လိုရစ်က သူ တခါမှ မကစားဖူးသေးတဲ့ အီတလီနိုင်ငံဆီ ပြောင်းရွှေ့ ကစားခွင့်ရမယ့် အခွင့်အရေး အတွက် အတော်လေးကို စိတ်လှုပ်ရှားနေပြီး လာဇီယိုက လိုရစ်ကို နံပါတ်၁ဂိုးသမားနေရာ ပေးမယ်လို့ ကတိပေးထားကြောင်း လာဇီယိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါသေးတယ်။