လီဗာပူးလ်အသင်းကတော့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမို အင်အားကောင်းလာဖို့အတွက် ရီးယဲလ် မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဖရက်ဒရစ်ကို ဗယ်လ်ဗာဒီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြန်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာပဲ အသင်းခေါင်းဆောင် ဟန်ဒါဆန် အပါအဝင် ဖာဘင်ဟို ကီတာ မီနာ ချိန်ဘာလိန်တို့လို ကွင်းလယ်ကစားသမားတွေနဲ့ စွန့်ခွာခဲ့ပြီး သူတို့နေရာမှာ မက်အယ်လစ္စတာ ဆိုဘော့ဆလိုင်း အန်ဒို ဂရာဗန်ဘာ့ချ်တို့နဲ့ ပြန်လည် အစားထိုးခဲ့ပါတယ်။

Photo Credit : TEAMtalk

လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ပိုင်း အပြောင်းအလဲက အတော်လေး အလုပ်ဖြစ်ခဲ့ရပြီး နှစ်ယောက်ပေါင်း ပေါင် သန်း(၅၀)တောင် မပေးခဲ့ရတဲ့ အယ်လစ္စတာနဲ့ အန်ဒိုတို့က လီဗာပူးလ် ကွင်းလယ်မှာ မထင်ထားလောက်အောင်ပဲ အကောင်းဆုံး စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးလ်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပြန်လည် ဆင်နွဲရတော့မှာ ဖြစ်သလို ဆုဖလားအားလုံးကိုလည်း စိန်ခေါ်နိုင်တဲ့ အသင်းမျိုး ဖြစ်နေဖို့အတွက် ထိပ်တန်း ကစားသမား ခေါ်ယူဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Photo Credit : CNN

ဒါကြောင့်ပဲ လီဗာပူးလ်က အသင်းကွင်းလယ်ပိုင်းအတွက် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ ဗယ်လ်ဗာဒီကို ရီးယဲလ်အသင်းကနေ ခေါ်ယူသွားချင်နေပြီး ရအောင် ခေါ်ယူနိုင်ဖို့အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကိုပါ သုံးစွဲသွားဦးမယ်လို့ သိရပါတယ်။

အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ မကြာသေးခင်ကမှ ရီးယဲလ်နဲ့ ၂၀၂၉ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားတာ ဖြစ်သလို လီဗာပူးလ်ဘက်ကလည်း သူ့ကို ယူရို သန်း(၁၅၀)လောက်နဲ့ ခေါ်ယူဖို့ ကြိုးစားဖူးခဲ့ရာ မအောင်မြင်ခဲ့တာကြောင့် အဲ့ဒီတန်ကြေးထက်ပါ တိုးမြှင့်ပေးပြီး ကမ်းလှမ်းလာဖို့လည်း ရှိနေပါတယ်။