ပရီးမီးယားလိဂ် ပွဲစဉ်(၆)ရဲ့ အစောဆုံး ပွဲစဉ် ဖြစ်တဲ့ အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ်ဒါဘီမှာတော့ တဖက်နဲ့ တဖက် သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပဲ ၀-၀ ဆိုတဲ့ ရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

အဲဗာတန်ရဲ့ ဂွတ်ဒီဆန်ပါ့တ် ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အိမ်ရှင် အဲဗာတန်က မြို့ခံပြိုင်ဘက် လီဗာပူးတို့ထက် ပိုမို ကောင်းမွန်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး လီဗာပူးကတော့ ဂိုးကန်သွင်းခွင့်တွေ ပိုရခဲ့ပေမယ့် အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်ခဲ့တာကြောင့် နိုင်ပွဲ ရယူဖို့ ခဲယဉ်းခဲ့ပါတယ်။

Photo Credit: The Sun

သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားတာကြောင့် အဲဗာတန်နဲ့ လီဗာပူးတို့ဟာ ရမှတ် ၁မှတ်စီ ခွဲဝေယူခဲ့ကြရပြီး အဆိုပါ ရမှတ် ၁မှတ်ဟာ ရလဒ်တွေ ဆိုးဝါးနေတဲ့ အဲဗာတန် အတွက် အဖိုးတန် ရမှတ် ၁မှတ် ဖြစ်ခဲ့ပေမယ့် အစောပိုင်းပွဲတွေမှာ ခြေချော်ထားတဲ့ လီဗာပူးအတွက် အဲဗာတန်နဲ့ ပွဲစဉ်မှာ ရမှတ် ၁မှတ် ရခဲ့တာထက် ရမှတ် ၂မှတ် ဆုံးရှုံးသွားတယ်လို့သာ ခံစားနေရမှာ အသေအချာပါပဲ။

ဒါပေမယ့် လီဗာပူးက အသင်းပိုင်ရှင်နဲ့ အသင်းနည်းပြ ကလော့ပ်တို့ရဲ့ ကွင်းလယ်လူသစ် တဦးအား ခေါ်ယူဖို့ တွန့်ဆုတ်နေမှုကြောင့် အခုလိုမျိုး ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး ဒီနေ့ပွဲမှာ လီဗာပူးရဲ့ ကွင်းလယ်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းတွေ ဆိုးရွားနေတဲ့ အဲဗာတန်ရဲ့ ကွင်းလယ်ကိုတောင် အသာစီး မရခဲ့တာကို အရှင်းသား မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: The Sun

အထူးသဖြင့် အသင်းရဲ့ အဓိက ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ သီယာဂိုနဲ့ ဟန်ဒါဆန်တို့ ဒဏ်ရာရနေချိန်မှာ လီဗာပူးရဲ့ ကွင်းလယ်ဟာ ဦးဆောင်သူ ကင်းမဲ့နေခဲ့ပြီး ဖာဘင်ဟိုကလည်း ကွင်းလယ်လူစစ်စစ် တဦး မဟုတ်သလို အီလိယက်နဲ့ ကာဗယ်ဟိုတို့က လူငယ် ကစားသမားတွေသာ ရှိသေးတာကြောင့် လီဗာပူးလို ထိပ်သီးအသင်းမျိုးမှာ ပုံမှန် ပွဲထွက်ခွင့် ရသင့်တဲ့ ကစားသမားမျိုးတွေ မဟုတ်ကြပါဘူး။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အဲဗာတန် ၀-၀ လီဗာပူး ပွဲစဉ်အပြီးမှာ လီဗာပူးရဲ့ ဆိုးရွားလှတဲ့ ကွင်းလယ်ပိုင်းကို မေးခွန်းထုတ် ဝေဖန်နေကြပြီး ဒီလိုမျိုး ကွင်းလယ်နဲ့ လီဗာပူးဟာ ယခင်ကလို အောင်မြင်မှုတွေ ရဖို့ မလွယ်ပဲ အောင်မြင်မှုတွေ ရချင်ရင် ကွင်းလယ်ပိုင်းကို အမြန်ဆုံး အင်အားဖြည့်တင်းသင့်ကြောင်း တိုက်တွန်းနေကြပါတယ်။

လီဗာပူးရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ သီယာဂို ၊ ဟန်ဒါဆန်နဲ့ မီလ်နာတို့ အားလုံးဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေကြသလို နောက်ထပ် အရွယ်ကောင်း ကွင်းလယ်လူတွေ ဖြစ်တဲ့ ချိန်ဘာလိန်နဲ့ နာဘီကီတာတို့ကလည်း ခြေစွမ်းပိုင်းမှာ လုံလောက်မှု မရှိတာကြောင့် လီဗာပူးအနေနဲ့ ဒီရာသီမှာ ကွင်းလယ်ပိုင်း အားနည်းချက်ကြောင့် အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ စပါး ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကို ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ကူပဲ လီဗာပူးဟာ ကွင်းလယ်ပိုင်း အားနည်းချက်ကိုသာ မဖာထေးနိုင်ရင် ဒီရာသီမှာ လိုချင်တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခဲယဉ်းနေဦးမယ် ဆိုတာ အသေအချာပါပဲ။