လီဗာပူးလ်အသင်းဟာ များမကြာမီမှာ ပွဲကစားခွင့်တွေအတွက် အာမခံချက်တွေ နည်းပါးလာနိုင်ဖွယ် ရှိနေတဲ့ ရီးယဲလ်မက်ဒရစ် တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ဆက်သွယ်မှုတွေလည်း လုပ်ဆောင်ထားသေးတယ်လို့ စပိန် သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံ ကစားသမားဟာ ရီးယဲလ်အသင်းရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်နေပေမယ့် လာမယ့်နွေမှာပဲ အသင်းရဲ့ တိုက်စစ်ကို ကီလီယန် အမ်ဘာပေနဲ့ အန်းဒရစ်ခ်တို့ ရောက်လာတော့မှာက ရိုဒရီုဂို အပါအဝင် တိုက်စစ်ကစားသမားတွေအတွက် နေရာလုပွဲတွေ ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။

Photo Credit : Defensa Central

ရီးယဲလ်ဘက်ကတော့ ရိုဒရီဂိုကို သိပ်မကြာသေးခင်ကမှ ၂၀၂၈ခုနှစ်အထိ နှစ်ရှည် စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့ပြီး ဗင်နီစီယပ်စ်နဲ့အတူ အသင်းမှာ အဓိကအကျဆုံး ကစားသမားအဖြစ် သတ်မှတ်ထားပေမယ့်လည်း ပုံမှန် ပွဲကစားခွင့်တွေ တဖြည်းဖြည်း နည်းပါးလာမယ်ဆိုရင်တော့ ရိုဒရီဂိုလည်း သူ့အနာဂတ်အတွက် စဉ်းစားလာနိုင်ပါတယ်။

ဒီအချိန်မှာ ပရီးမီးယားလိဂ်က မန်စီးတီး အာဆင်နယ် မန်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့က ရိုဒရီဂိုနဲ့ ရီးယဲလ်တို့ အခြေအနေကို စောင့်ကြည့်လာခဲ့ပြီး ရိုဒရီကိုလည်း အသင်းပြောင်းချင်လာမယ် ရီးယဲလ်လည်း ရောင်းထုတ်ချင်လာမယ်ဆိုရင်တော့ အပြိုင် ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။

Photo Credit : Reuters

ဒီအသင်း (၄)သင်းထဲကမှ လီဗာပူးလ်အသင်းက ရိုဒရီဂိုကို ခေါ်ယူသွားဖို့ ပိုမို စိတ်ဝင်အစားဆုံး ဖြစ်လို့နေပြီး ရိုဒရီဂိုရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရီးယဲလ်အသင်းနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရိုဒရီဂိုအနေနဲ့ ရီးယဲလ်ကနေ လာမယ့်နွေဈေးကွက် ဒါမှမဟုတ် ဆောင်းဈေးကွက်လို မကြာခင် ဖွင့်လှစ်တော့မယ့် ဈေးကွက်တွေအတွင်းမှာ အလျင်အမြန် ထွက်ခွာသွားဖို့ မရှိပဲ တကယ်လို့ ရီးယဲလ်က ရောင်းချဖြစ်မယ်ဆိုရင်တောင်မှ ရိုဒရီဂိုအတွက် အနိမ့်ဆုံး ပေါင် (၈၅)သန်းအထိ သတ်မှတ်ထားနိုင်တယ်လို့ သိရှိရပါတယ်။