ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက သူတို့အသင်းဟာ ဒီရာသီမှာ ကာရာဘောင်းဖလား တလုံးထဲနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် လာမယ့် ရာသီသစ်မှာ ပရိသတ်တွေ အတွက် ဆုဖလားတွေ ထပ်ယူပေးဦးမယ်လို့ ကတိစကား ပြောကြားလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာက ၂၀၁၇ခုနှစ်မှာ ရိုးမား ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး သူက ဒီရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Mirror

မိုဟာမက် ဆာလာရဲ့ လီဗာပူးက ဒီရာသီမှာ ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေနဲ့ ကာရာဘောင်း စတဲ့ ဖလားပြိုင်ပွဲ လေးခုကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ရာသီအစကနေ ရာသီအလယ် အထိ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ပြီးနောက်မှာ ဖလား ၄လုံး ချန်ပီယံ အိမ်မက်ကို မက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးရဲ့ ဖလား ၄လုံး ချန်ပီယံ အိမ်မက်ဟာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ အချိန်မှ စတင်ကာ ကျိုးပျက်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာရော ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ တောက်လျှောက် ရလဒ်တွေ ဆိုးဝါးခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးက ယူရိုပါလိဂ်ပြိုင်ပွဲမှ အတ္တလန်တာကို အရေးနိမ့်ကာ ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ဆာလာ အပါအဝင် လီဗာပူးရဲ့ အသင်းသားတွေက အသင်းကို စွန့်ခွာတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ် အတွက် ကာရာဘောင်းဖလား တလုံးထဲသာ လက်ဆောင်အဖြစ် ယူပေးနိုင်ခဲ့ပြီး ဆာလာကတော့ ရာသီသစ်မှာလည်း ပရိသတ်တွေ အတွက် ဆုဖလားတွေ ယူပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကတိပေးလာပါတယ်။

ဆာလာက – “ကျွန်တော်တို့အသင်း အတွက် ဆုဖလားတွေ ဆိုတာ ဘယ်လောက်အဓိပ္ပါယ်ရှိလဲ ဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လာမယ့်ရာသီသစ်မှာလည်း ဆုဖလားတွေ ရယူနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကလည်း ဆုဖလားတွေနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဆုဖလားတွေ အတွက် ရူးလောက်စရာ တိုက်ပွဲဝင်မှုမျိုးနဲ့ တိုက်ပွဲဝင်သွားပါမယ်” လို့ ပြောကာ လီဗာပူးရဲ့ ပရိသတ်တွေကို ကတိစကား ပြောကြားသွားခဲ့တာပါ။