ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် နယူးကာဆယ် ကွင်းလယ်လူ ဂွီမာရေးစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ချိန်ဘာလိန် ၊ နာဘီကီတာနဲ့ မီလ်နာတို့ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးပြီးနောက် လာမယ့် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ထိပ်တန်း ကွင်းလယ်လူ ၂ဦးကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit: Goal

လက်ရှိမှာ လီဗာပူးက ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူဖို့ နီးစပ်နေပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက နောက်ထပ် ကွင်းလယ်လူ တဦး အဖြစ် နယူးကာဆယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဂွီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေးစ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ပြင်သစ် နာမည်ကြီးကလပ် လိုင်ယွန် ကနေ နယူးကာဆယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နယူးကာဆယ် အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဂွီမာရေးစ်က နယူးကာဆယ်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့သလို အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်ပါ ကူညီပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဂွီမာရေးစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Liverpool Echo

ဒါကြောင့်ပဲ လီဗာပူးက ဂွီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး နယူးကာဆယ်ကလည်း သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြနေတဲ့ ဂွီမာရေးစ်ကို လုပ်ခလစာ တိုးပေးကာ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက ဂွီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂွီမာရေးစ်ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု ပြုလုပ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့ပြီး ဂွီမာရေးစ်ကသာ သူတို့ဆီ ပြောင်းရွှေ့လာချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန်ပါ စီစဉ်ထားကြောင်း သိရပါတယ်။