လီဗာပူးလ်အသင်းက ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် နည်းပြကြီး ယာဂင် ကလော့ပ်နေရာမှာ အစားထိုးဖို့အတွက် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဇာဘီ အလွန်ဆိုကို ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ် နည်းပြကြီး ကလော့ပ်ဟာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ထိပ်တန်းနည်းပြတစ်ယောက် ဖြစ်ပေမယ့် ပြီးခဲ့တဲ့လပိုင်းလောက်ကပဲ ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်လို့ တရားဝင် အသိပေး ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : The Sun

ကလော့ပ်လို အရည်အသွေးမြင့် နည်းပြတစ်ဦးကို လက်လွတ်ရတော့မယ့် အရေးက လီဗာပူးလ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာစေမှာ သေချာလို့နေပြီး သူ့နေရာအတွက် ပြန်အစားထိုးရမယ့် နည်းပြကိုလည်း သေသေချာချာလေး ရွေးချယ်သွားရဖို့ပါ ရှိနေပါတယ်။

ကလော့ပ်နေရာမှာ အစားဝင်လာနိုင်မယ့် နည်းပြတွေထဲကမှ ရေပန်းအစားဆုံး ဖြစ်နေသူက လက်ရှိ လေဗာကူဆင် နည်းပြဖြစ်တဲ့ အလွန်ဆိုဖြစ်ပြီး သူ့ကို လီဗာပူးလ် ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကလည်း အလိုရှိနေကြပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ် ကစားသမားဟောင်းဖြစ်တဲ့ အလွန်ဆိုက နည်းပြအတွေ့အကြုံ နှနယ်သေးပေမယ့်လည်း လေဗာကူဆင်အသင်းကို ကိုင်တွယ်ပြီးနောက်ပိုင်း သူစွမ်းဆောင်ပေးထားတာတွေက လုံးဝကို အထင်ကြီးလောက်စရာ ဖြစ်နေပြီး ဥရောပ ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလို့နေပါတယ်။

အခုဆို ချယ်လ်ဆီးအသင်းကပါ အလွန်ဆိုကို စိတ်ဝင်စားလာချိန်မှာ လီဗာပူးလ်ဘက်ကလည်း အလွန်ဆိုကို သူတို့နည်းပြသစ် ဖြစ်လာနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပြီး ကလော့ပ်နေရာမှာ အစားထိုးဖို့အတွက် ဦးစားပေး ပစ်မှတ်နေရာမှာ အလွန်ဆိုကို ထားရှိထားကြောင်းလည်း သိရပါတယ်။