မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်က ခြေဖဝါး ဒဏ်ရာကနေ ပြန်လည် သက်သာလာစပြုနေပြီဖြစ်ပြီး တစ်ဦးတည်းသီးသန့် လေ့ကျင့်ခန်းဆင်းမှုတွေပါ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အာဂျင်တီးနား လက်ရွေးစင် နောက်ခံလူ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်း ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာပဲ ဒီဒဏ်ရာကို စတင် ခံစားခဲ့ရတာဖြစ်ပြီး ဒီရာသီအတွင်းမှာပါ ဒီဒဏ်ရာကို ပြန်လည် ခံစားခဲ့ရရင်း အခုလို ကာလရှည်ကြာ အနားယူခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက် ခံစစ်ပိုင်းမှာ အပြောင်မြောက်ဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ မာတီနက်ဇ်ဟာ ဧပြီလမှာ ရရှိလိုက်တဲ့ ဒဏ်ရာ ပြသာနာကြောင့် ဒဏ်ရာ သက်သာလာချိန်မှာတောင် အရင်လို အတည်ငြိမ်ဆုံး ခြေစွမ်းတွေ ပြသဖို့ပါ ရုန်းကန်လာခဲ့ရပါတယ်။

ယူနိုက်တက်ကလည်း အသင်းမှာ အားထားရတဲ့ မာတီနက်ဇ်လို ကစားသမားမျိုးကို အချိန်အကြာကြီး လက်လွတ်ထားရလို့ အသင်းအတွက် ထိုးနှက်ချက်တွေ ဖြစ်လာခဲ့ရပြီး ခံစစ် လိုအပ်ချက်တွေကလည်း များပြားလာခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ဒါပေမယ့် အခုတော့ မာတီနက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေဟာ တဖြည်းဖြည်း သက်သာလာခါစပြုနေပြီဖြစ်လို့ ကြံခိုင်မှု ပြန်လည် တည်ဆောက်ခြင်း ပထမအဆင့်အနေနဲ့ အပေါ့စား လေ့ကျင့်ခန်းတွေကို ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အခုဆို လုခ်ရှောကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာနေပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်လျက် ရှိနေပြီး မာတီနက်ဇ်လည်း မကြာခင်မှာပဲ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းရင်း အသင်းအတွက်ပါ ပါဝင်ကစားပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။