ပီအက်စ်ဂျီအသင်းရဲ့ စူပါစတား ကစားသမား GOAT ကြီး လီယွန်နယ်မက်ဆီဟာ လက်ရှိမှာ တံကောက်ကြောဒဏ်ရာ ခံစားနေရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဥ်ကို လွဲချော်ရဖွယ် ရှိနေတယ်လို့ ပြင်သစ် သတင်းမီဒီယာကြီး L’Equie ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Athletic

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ မာဆေးလ်အသင်းတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြတဲ့ ပြင်သစ်ဖလား ရှုံးထွက်ပွဲစဥ်မှာ ပီအက်စ်ဂျီအတွက် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပေမယ့်လည်း အဲ့ဒီပွဲအတွင်းမှာပဲ တံကောက်ကြောဒဏ်ရာကို ရရှိသွားခဲ့ရပါတယ်။ ဒီဒဏ်ရာကြောင့် မက်ဆီဟာ မိုနာကိုနဲ့ ယှဥ်ပြိုင်ရမယ့် လီဂူးပွဲစဥ်ကိုရော ဘိုင်ယန်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဥ်ကိုပါ လွဲချော်ရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : CBS Sports

ပီအက်စ်ဂျီအသင်းက လာမယ့် (၁၅)ရက်နေ့မှာပဲ သူတို့အသင်းရဲ့ အိမ်ကွင်း Parc de Prince မှာ ဘိုင်ယန်အသင်းကို ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဥ်အဖြစ် ဧည့်ခံသွားရမှာဖြစ်ပြီး ဒီပွဲကို အသင်းရဲ့ ဂိုးသွင်းစက် ကီလီယန်အမ်ဘာပေ သေချာပေါက် မပါဝင်နိုင်သလို အသင်းအတွက် အရေးပါလှတဲ့ မက်ဆီလို ကစားသမားမျိုးပါ ထပ်မံ လွဲချော်ရမယ်ဆိုရင်တော့ ပီအက်စ်ဂျီအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် အောင်မြင်မှုကို ပိုမို ဦးစားပေးထားတာဖြစ်လို့ ဒီလို အောင်မြင်မှုကြီးကို ရယူနိုင်ဖို့အတွက် ဘိုင်ယန်လို အသင်းမျိုးကို ကျော်ဖြတ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဘိုင်ယန်ဟာ ပီအက်စ်ဂျီအသင်းကို ၂၀၂၁ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ယူခဲ့ဖူးတာကြောင့် ဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့လည်း ပီအက်စ်ဂျီဘက်က အစွမ်းကုန် ကြိုးပမ်းလာဖွယ် ရှိနိုင်ပါတယ်။