ဘာစီလိုနာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဂျက်ဆီ လင်ဂတ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် စီစဉ်လျက် ရှိနေတယ်လို့ စပိန် အခြေစိုက် Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ဒီနွေမှာ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အခုထိကို free agent player အဖြစ် ရှိနေရပါတယ်။

Photo Credit : Nottingham Forest

အသက် (၇)နှစ်သား အရွယ်ကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်း အကယ်ဒမီကို ရောက်ရှိနေခဲ့တဲ့ လင်ဂတ်ဟာ ယူနိုက်တက် စီနီယာအသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၂၃၂)ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး (၃၅)ဂိုး သွင်းယူခဲ့သလို ယူရိုပါလိဂ်ဖလား အက်ဖ်အေဖလား လိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်ဂတ်ဟာ ယူနိုက်တက်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ရတာ မဟုတ်ပဲ လက်စတာ ဘာမင်ဂမ် ဘရိုက်တန် ဒါဘီ ဝက်စ်ဟမ်းအသင်းတွေထိ အငှားနဲ့ သွားရောက် ကစားခဲ့ရသလို ၂၀၂၂ခုနှစ်မှာလည်း အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရပါသေးတယ်။

Photo Credit : Tribuna

အင်္ဂလန် လက်ရွေးစင်အတွက် ပွဲပေါင်း (၃၂)ပွဲအထိတောင် ကစားပေးခဲ့ရတဲ့ လင်ဂတ်ဟာ နော်တင်ဟမ်အသင်းဆီ တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် နော်တင်ဟမ်မှာ ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိလို့ အသင်းဘက်က သူ့ကို စာချုပ်သစ် မကမ်းလှမ်းတော့ပဲ အလွတ်နဲ့သာ ထွက်ခွာခွင့် ပြုလိုက်ပြန်ပါတယ်။

လတ်တလောမှာတော့ လင်ဂတ်ကို ပရီးမီးယားလိဂ်က အဲဗာတန်အသင်းကနေ ခေါ်ယူသွားဖို့ ပြင်ဆင်နေသလို ကစားသမားသစ် ဖြည့်တင်းချင်နေပေမယ့် ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေတဲ့ ဘာစီလိုနာအသင်းကလည်း လင်ဂတ်ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။ လင်ဂတ်က လက်ရှိ ဒူဘိုင်းမှာ လေ့ကျင့်ခန်းတွေ ဆင်းနေရင်း သူ့အတွက် အဆင်ပြေနိုင်မယ့် ကလပ်အသင်းသစ်ကို ရှာဖွေလျက် ရှိနေပါတယ်။