နည်းပြ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းကတော့ မနေ့ညက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်မှာ ရိုးမားအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီးချိန်မှာပဲ ရှုံးပွဲမရှိ စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ခဲ့သလို တစ်ရာသီအတွင်း ဆုဖလား (၃)လုံးကို ပိုင်ဆိုင်ရဖို့ဟာလည်း လုံးဝ အခြေအနေကောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

စပိန် ကစားသမားဟောင်းကြီး အလွန်ဆိုဟာ လေဗာကူဆင်ကို ကိုင်တွယ်နေတာ (၂)နှစ်ဝန်းကျင်သာ ရှိနေသေးပေမယ့်လည်း သူရဲ့ အသင်းအပေါ် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်မှုက အတော်လေး လက်ဖျားခါလောက်အောင် ကောင်းမွန်လွန်းနေပါတယ်။

Photo Credit : Goal

သူရဲ့ပထမရာသီမှာ အသင်းကို ဘွန်ဒက်စ်လီဂါရဲ့ တန်းဆင်းဇုန်ကနေ ဆွဲတင်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ ပို့ဆောင်နိုင်ခဲ့ရင်း ဒါဟာ အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်မှာ အမြင့်ဆုံး အောင်မြင်မှုပါ ဖြစ်လာခဲ့ရပါတယ်။ အဲ့လို စွမ်းဆောင်မှုကြောင့်ပဲ လေဗာကူဆင်ဘက်က အလွန်ဆိုကို စာချုပ်သစ်ပါ ချုပ်ဆိုခဲ့ပါတယ်။

ဒီရာသီမှာတော့ အလွန်ဆိုရဲ့ performance တွေက ပိုလို့တောင် အံ့အားသင့်စရာတွေ ဖြစ်လာခဲ့ရင်း အခုဆိုရင် အသင်းက ပြိုင်ပွဲစုံ (၄၉)ပွဲအထိ လုံးဝ ရှုံးပွဲမရှိသေးသလို အသင်းသမိုင်းတစ်လျှောက်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : The Sun

ယူရိုပါလိဂ်ဘက်မှာလည်း ပြီးခဲ့တဲ့နှစ်က ဆီမီးအဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တဲ့ လေဗာကူဆင်ဟာ ဒီနှစ်မှာလည်း ဖိုင်နယ်အဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းလာခဲ့ရသလို စီးရီးအေကလပ် အတ္တလန်တာနဲ့ ထိပ်တိုက် ရင်ဆိုင်ရပါမယ်။ ဒါ့အပြင် ပိုကယ်ဖလားဘက်မှာလည်း လေဗာကူဆင်က ဖိုင်နယ်ထိ တက်လှမ်းထားရင်း ဖိုင်နယ်မှာတော့ ကိုင်စလော့တန်အသင်းလေးနဲ့ ရင်ဆိုင်ရမှာမို့ ဒီဖလားကလည်း လေဗာကူဆင်အတွက် သေချာနေပါတယ်။

ဒီအခြေအနေမှာ အလွန်ဆိုက လေဗာကူဆင်အတွက် ဖလား(၃)လုံး ရယူပေးဖို့ အခြေအနေ တအားကောင်းနေသလို ဒီရာသီထဲ ပြိုင်ပွဲစုံ လက်ကျန် (၄)ပွဲလုံး မရှုံးအောင် ကစားနိုင်ခဲ့ရင်း တစ်ရာသီအတွင်း ပြိုင်ပွဲစုံ အားလုံးထဲ လုံးဝရှုံးပွဲမရှ်ိအောင် ကစားနိုင်တဲ့ အသင်းပါ ဖြစ်လာပါလိမ့်မယ်။ အခုဆိုရင်လည်း လေဗာကူဆင်က ရိုးမားကို (၂)ဂိုးပြတ် အရှုံးကနေ (၂)ဂိုးပြန်သွင်းနိုင်ခဲ့ရာ UEFA ရဲ့ ဥရောပပြိုင်ပွဲတွေ တရားဝင် ကျင်းပချိန် ၁၉၅၅-၅၆ ဘောလုံးရာသီနောက်ပိုင်း ပြိုင်ပွဲစုံမှာ (၄၉)ပွဲဆက် ရှုံးပွဲမရှိဆုံးအသင်း အဖြစ်ပါ မှတ်တမ်းသစ် ရေးထိုးလိုက်နိုင်ခဲ့ပါတယ်။