ကြယ်ပွင့်ကစားသမား ကီလီယန် အမ်ဘာပေကို လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် အေစီမီလန်ရဲ့ တိုက်စစ်ကစားသမား ရာဖယ်လ် လီယာအိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားပေမယ့် လီယာအိုကတော့ ပီအက်စ်ဂျီထက် ပရီးမီးယားလိဂ် နဲ့ လာလီဂါဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

ပီအက်စ်ဂျီရဲ့ အဓိက ကစားသမားဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူး ဘာပေဟာ လာမယ့်နွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရီးယဲလ်မက်ဒရစ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တာကြောင့် ပီအက်စ်ဂျီအနေနဲ့ ဘာပေနေရာအတွက် ကစားသမားသစ် ရှာဖွေဖို့ လိုအပ်လာခဲ့ပါတယ်။

Photo : SportsMax

ပီအက်စ်ဂျီက ဒီနွေမှာလည်း တိုက်စစ်ပိုင်းအတွက် ဂွန်ကာလို ရာမို့စ် ၊ မူအာနီ ၊ ဒမ်ဘီလီတို့ကို အားဖြည့်တင်းထားခဲ့ပေမယ့် ရာမို့စ် မူအာနီတို့ရဲ့ စွမ်းဆောင်ပိုင်းတွေကို နှစ်သက်ခြင်း မရှိလို့ အသင်းကနေ ပြန်ရောင်းထုတ်ဖို့ပါ စီစဉ်နေချိန်မှာ ဘာပေနေရာအတွက်ကိုလည်း အဖြေရှာသွားရဦးမှာ ဖြစ်ပါတယ်။

ဘာပေနေရာအတွက် မီလန်ရဲ့ ပေါ်တူဂီ ကြယ်ပွင့်ကစားသမား လီယာအိုကို main target အဖြစ် သတ်မှတ်ထားသလို မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ဗစ်တာ အိုဆီမန်တို့လို ထိပ်တန်း ကစားသမားတွေကိုလည်း အသင်းရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ထည့်သွင်းလို့ထားပါတယ်။

Photo : 365 Scores

ဒါပေမယ့် သူတို့ အလိုရှိဆုံး ကစားသမား လီယာအိုကတော့ လီဂူးဝမ်းမှာ ကစားရဖို့ထက် ပရီးမီးယားလိဂ် နဲ့ လာလီဂါလို ပြိုင်ပွဲမျိုးတွေဆီမှာသာ သွားရောက် ကစားချင်နေပြီး ပီအက်စ်ဂျီရဲ့ ပစ်မှတ်ထားနေမှုကိုလည်း စိတ်ဝင်စားခြင်း မရှိကြောင်း Foot Mercato ကနေ ဖော်ပြသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား လီယာအိုဟာ လိုင်လီအသင်းနဲ့အတူ လီဂူးဝမ်းပြိုင်ပွဲမှာ တစ်ရာသီ ကျင်လည်ခဲ့ဖူးသူ ဖြစ်ပေမယ့်လည်း လီဂူးဝမ်းမှာ ပြန်လည် ပါဝင်လိုခြင်း မရှိပဲ ပရီးမီးယားလိဂ် နဲ့ လာလီဂါ ထိပ်သီးအသင်းတွေဆီသာ ပြောင်းရွှေ့သွားချင်နေပါတယ်။