စပိန်ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက ရာသီကုန်မှာ အသင်းကို စွန့်ခွာတော့မယ့် နည်းပြချုပ် ဇာဗီရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ရစ်ချ်ကတ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

စပိန်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီက ၂၀၂၁ခုနှစ် ၊ နိုဝင်ဘာလမှ စတင်ကာ ဘာစီလိုနာကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာကို ၂နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ရာမှာ အသင်းအတွက် စပိန်စူပါဖလား ၁လုံးနဲ့ လာလီဂါ ဆုဖလား ၁လုံးတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဇာဗီရဲ့ လက်အောက်မှာ ဘာစီလိုနာရဲ့ ကစားပုံပိုင်းရော ၊ အောင်မြင်မှုပိုင်းမှာပါ တိုးတက်မှုတွေ ရှိလာပေမယ့် ဒီရာသီမှာ ဘာစီလိုနာရဲ့ ခြေစွမ်းတွေက ယိမ်းယိုင်နေပြီး စပိန်စူပါဖလား ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် ရှုံးနိမ့်ကာ ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့သလို လာလီဂါပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၁) အပြီးမှာ အဆင့်(၁)မှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရမှတ် ၁၀မှတ် ပြတ်နေပါတယ်။

ဒါ့အပြင် ဘာစီလိုနာက ကိုပါဒယ်ရေးပြိုင်ပွဲမှာပါ ဘီလ်ဘာအိုကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် ဖလားလက်မဲ့ရာသီ တခု ကြုံရဖို့ နီးစပ်နေပြီး ဇာဗီကလည်း သူ့ရဲ့ အမှားတွေ အတွက် တာဝန်ယူမှု တခု အဖြစ် ရာသီကုန်မှာ အသင်းနည်းပြရာထူး ကနေ နုတ်ထွက်မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

 

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဇာဗီရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အသင်းရဲ့ သမိုင်းကြောင်းနဲ့ ကစားပုံကို ထဲထဲဝင်ဝင် သိတဲ့ နည်းပြဟောင်း ရစ်ချ်ကတ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ စဉ်းစားထားပြီး လာပေါ်တာက ရစ်ချ်ကတ်ထံ ဆက်သွယ်ကာ အသင်းဆီ ပြန်လာပေးဖို့ စည်းရုံးနေကြောင်း သိရပါတယ်။

အသက် ၆၁နှစ် အရွယ် နယ်သာလန်လူမျိုး ရစ်ချ်ကတ်က ဘာစီလိုနာကို ၂၀၀၃ခုနှစ် ကနေ ၂၀၀၈ခုနှစ် အထိ ၅နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပြီး သူက ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ လာလီဂါ ၂ကြိမ်နဲ့ စပိန်စူပါဖလား ၂ကြိမ်တို့ကို ရယူနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။