စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ လာပေါ်တာက သူဟာ VARစနစ်ကို သဘောမကျကြောင်းနဲ့ လာလီဂါပြိုင်ပွဲမှာ VARစနစ်ကြောင့် အကျိုးများနေတဲ့ အသင်းဟာ ရီးရဲလ်မက်ဒရစ်သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ကွင်းတွင်းကွင်းပြင် ပြိုင်ဆိုင်မှု ကြီးမားတဲ့ အသင်းတွေ ဖြစ်ကြသလို စပိန်ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်သလို လာလီဂါဒိုင်အဖွဲ့ချုပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိကြတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။

Photo Credit: Marca

လတ်တလောမှာ ဘာစီလိုနာက ဒိုင်အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌဟောင်း နီဂရီရာကို ယူရို ၇သန်းကျော် ပေးခဲ့မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးခံနေရကာ ဘာစီလိုနာရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာဟာ ဒိုင်တွေကို ငွေပေးခဲ့တဲ့ အပေါ် သေချာ စုံစမ်းသင့်ကြောင်း လာလီဂါအဖွဲ့ချုပ်ဆီ အကြံပေးထားတာကြောင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားထဲမှာ အက်ကြောင်းတွေ ပိုများလာပါတယ်။

လက်ရှိမှာတော့ လာလီဂါဒိုင်အများစုက ဘာစီလိုနာရဲ့ ပွဲစဉ်တွေကို ကိုင်တွယ်တဲ့ အခါမှာ ဆုံးဖြတ်ချက် အမှားတွေ မချမိအောင် ဂရုတစိုက် ကိုင်တွယ်နေကြပြီး ဒိုင်လူကြီးတွေရဲ့ စိုးရိမ်စိတ်တွေကြောင့်ပဲ ဘာစီလိုနာဟာ ရသင့်တဲ့ ပင်နယ်တီတွေ မရတာ ၊ ရသင့်တဲ့ ပြစ်ဒဏ်ဘောတွေ မရတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Foot The Ball

ဒါကြောင့်ပဲ နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာစီလိုနာဥက္ကဌ လာပေါ်တာက သူဟာ VARစနစ်ကို သဘောမကျကြောင်းနဲ့ VARစနစ်ကို ထည့်သွင်းလိုက်ကတည်းက ရီးရဲလ်မက်ဒရစ်ဟာ ဒိုင်တွေရဲ့ မျက်နှာသာပေးမှု များစွာကို ရရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

လာပေါ်တာက – “ကျွန်တော်က အမြဲတမ်း VARစနစ်ကို ဆန့်ကျင်ခဲ့တဲ့လူပါ။ VARစနစ်က ဘောလုံအားကစားကို သဘာဝကျကျ မကစားနိုင်အောင် လုပ်နေပါတယ်။ ဒိုင်လူကြီးတွေ အမှားလုပ်မိတာကို ကျွန်တော်တို့တွေ လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ဒိုင်လူကြီး ၅ဦး ၊ ၆ဦး အထိ ခန့်ထားတဲ့ အချိန်မှာတောင် အမှားတွေ ထပ်ရှိနေတာကိုတော့ လက်ခံလို့ မရပါဘူး။ VARစနစ်ကြောင့် အကျိုးများနေတဲ့ အသင်းက ရီးရဲလ်မက်ဒရစ်ပဲ ရှိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။