ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေ တောက်လျှောက် ရနေတာကြောင့် အခြေအနေ ဆိုးနေတဲ့ အဲဗာတန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဖရန့် လမ်းပတ်က သူတို့အသင်းရဲ့ ရလဒ်ဆိုးတွေကို ချေဖျက်ကာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ အတွက် သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သူ ချယ်လ်ဆီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဇီရက်ဇ်ကို အဲဗာတန်ဆီ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

လမ်းပတ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အဲဗာတန်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ အဲဗာတန်ရဲ့ တိုက်စစ်ကစားပုံက ပိုကောင်းလာခဲ့ပေမယ့် ရလဒ်ပိုင်းတွေ တိုးတက်မလာသေးပဲ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၅ပွဲမှာလည်း နိုင်ပွဲ ၁ပွဲမှ မရထားပါဘူး။

Photo Credit: TalkSport

လမ်းပတ်ရဲ့ အဲဗာတန်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာလည်း ၃ပွဲနိုင် ၊ ၆ပွဲသရေ ၊ ၁၁ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုး တခုနဲ့ အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁၉နေရာ အထိ ရောက်ရှိနေပြီး တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် အဲဗာတန်ရဲ့ ဘုတ်အဖွဲ့ကလည်း လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြပါပြီ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနရဲ့ ဖော်ပြချက်အရ လမ်းပတ်က သူ့အသင်းရဲ့ ရလဒ်ဆိုးတွေကို ချေဖျက်နိုင်ဖို့ ယခု ဆောင်းဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကာ လမ်းပတ်ရဲ့ နံပါတ်တစ်ပစ်မှတ်က ချယ်လ်ဆီး တောင်ပံတိုက်စစ် ကစားသမား ဇီရက်ဇ် ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: TalkSport

လမ်းပတ်နဲ့ ဇီရက်ဇ်တို့က ချယ်လ်ဆီးမှာ အတူတကွ လက်တွဲခဲ့ကြဖူးသူတွေ ဖြစ်ပြီး ချယ်လ်ဆီးမှာ ရှိနေစဉ်က လမ်းပတ်ဟာ ဇီရက်ဇ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ပေမယ့် လမ်းပတ်က ဇီရက်ဇ်ရဲ့ အရည်အသွေးကို သဘောကျသူ ဖြစ်ပြီး အဲဗာတန်ကလည်း ဇီရက်ဇ်ကို ခေါ်ယူပေးဖို့ စိတ်ဝင်စားနေကြောင်း အဲဗာတန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

တဖက်မှာ ချယ်လ်ဆီးကလည်း မူဒရစ်ခ်နဲ့ မာဒူအက်ခီတို့လို တောင်ပံတိုက်စစ် ကစားသမားတွေကို ခေါ်ယူပြီးပြီ ဖြစ်တာကြောင့် ဇီရက်ဇ် အပါအဝင် အသင်းရဲ့ ကစားသမားဟောင်း တချို့ကို ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်ထားပြီး ချယ်လ်ဆီးက ဇီရက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် လိုချင်နေပါတယ်။