ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ယာယီနည်းပြ ဖြစ်သူ ဖရန့် လမ်းပတ်က သူ့ရဲ့ တကျော့ပြန် ချယ်လ်ဆီးနည်းပြဘဝ အဖွင့်ပွဲမှာ ဝုဗ်ကို အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်း ဝုဗ် ၁-၀ ချယ်လ်ဆီး ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဖရန့် လမ်းပတ်က ၂၀၁၉ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၁ခုနှစ် ဇန်နဝါရီလ အထိ ၁နှစ်ခွဲ ဝန်းကျင် ကာလအတွင်းမှာ ချယ်လ်ဆီးကို ပထမအကြိမ် အဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး ယခုတကြိမ်ဟာ သူ့ရဲ့ ချယ်လ်ဆီးကို ၂ကြိမ်မြောက် ကိုင်တွယ်ခြင်းပဲ ဖြစ်ပါတယ်။

Photo Credit: Thailand Post

ချယ်လ်ဆီးဆီ ယာယီနည်းပြ အဖြစ် ပြန်လာခွင့် ရခဲ့ပြီးနောက် လမ်းပတ်က သူ့ရဲ့ တကျော့ပြန် ချယ်လ်ဆီးနည်းပြဘဝ အဖွင့်ပွဲ ဖြစ်တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာ နိုင်ပွဲရအောင် အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပေမယ့် သူ့အသင်းက ဝုဗ်ကို အသာစီး ရအောင် မကစားနိုင်ခဲ့သလို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ဝုဗ်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာမှာပဲ ရှိနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နဲ့ ရမှတ် ၁၇မှတ် အထိ ကွာဟသွားခဲ့သလို ဥရောပဝင်ခွင့် ဖြစ်တဲ့ အဆင့်(၆)နဲ့ ရမှတ် ၈မှတ် အထိ ပြတ်သွားခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ချယ်လ်ဆီးက လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် ရဖို့ မလွယ်ကူတော့သလို လမ်းပတ်ကလည်း သူ့ရဲ့ တကျော့ပြန် ချယ်လ်ဆီးနည်းပြဘဝ အဖွင့်ပွဲမှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရလို့ စိတ်ပျက်နေပါတယ်။

လမ်းပတ်က – “ကျွန်တော်က အသင်းဆီ အကူအညီ ပေးဖို့ အတွက် ရောက်လာခဲ့တာပါ။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော့်ဘက်က ဒီလိုမျိုး ပြောတာဟာ အသင်းကို ဝေဖန်တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ အရည်အသွေး ရှိတဲ့ ကစားသမားတွေ အများကြီး ရှိတယ် ဆိုတာကို သိထားပါတယ်။ ကျွန်တော်က ကစားသမားတွေရဲ့ အရည်အသွေးတွေကို မြင်တွေ့ပြီးပါပြီ။ ဒါကြောင့် သူတို့ရဲ့ အရည်အသွေးတွေ ပိုတိုးတက်လာအောင် ကူညီပေးဖို့ပဲ ကျန်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးဆီ ပြန်လာခွင့် ရလို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ တကျော့ပြန် ခရီးစဉ်ရဲ့ ပထမဦးဆုံးပွဲမှာ ပရိသတ်တွေကို နိုင်ပွဲ မပေးနိုင်ခဲ့လို့ စိတ်ညစ်ရပါတယ်။ ကျွန်တော်တို့က ရှေ့ဆက်သွားရပါဦးမယ်။ ကျွန်တော်တို့တွေက လာမယ့် ကြားရက်ထဲမှာ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲကို ကန်ရပါမယ်။ အဲ့ဒီပွဲ အတွက် အတော်လေး စိတ်လှုပ်ရှားနေပါတယ်” ဆိုပြီး သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟ ပြောပြသွားခဲ့တာပါ။