ယခု နွေဈေးကွက် အတွင်းမှာပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ အသင်းဟောင်း လိုင်ယွန်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး လာကာဇက်က ယခု ရက်ပိုင်းအတွင်းမှာပဲ နကျယ်အုံနဲ့ တိုးကာ နကျယ်ကောင်တွေ တုပ်ခံရတာကြောင့် လိုင်ယွန်ရဲ့ ခြေစမ်းပွဲ တချို့ကို လွဲချော်ဖို့ ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး လာကာဇက်က လိုင်ယွန်ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ၂၀၁၇ခုနှစ်မှာ လိုင်ယွန်ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ကာ အာဆင်နယ်နဲ့အတူ ၅ရာသီ အကြာ ကစားခဲ့ပြီးနောက် ယခု နွေဈေးကွက် အတွင်းမှာပဲ လိုင်ယွန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Standard

လာကာဇက်ဟာ လိုင်ယွန်ရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ပြီး လိုင်ယွန်ရဲ့ ပရိသတ်တွေကလည်း သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို ရာသီကြို ခြေစမ်းပွဲတွေမှာ မြင်တွေ့ချင်နေပါပြီ။

ဒါပေမယ့် လာကာဇက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နကျယ်ကောင် တုပ်ခံခဲ့ရတာကြောင့် အဆိပ်တက်ကာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် လိုင်ယွန်နဲ့ ဝီလီယံတို့ရဲ့ ရာသီကြို ခြေစမ်းပွဲကို လွဲချော်ဖို့ ရှိနေသလို မနက်ဖြန်မှာ ကစားမယ့် လိုင်ယွန်နဲ့ ဖီယင်နုတို့ရဲ့ ခြေစမ်းပွဲကိုပါ လွဲချော်ဦးမယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက ဆိုပါတယ်။

Photo Credit: Standard

လိုင်ယွန်နဲ့ နီးစပ်သူတွေကလည်း လာကာဇက်ဟာ ဆိုးဆိုးရွားရွား နကျယ်ကောင် တုပ်ခံခဲ့ရတာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပါ လုပ်ဆောင်နိုင်ခြင်း မရှိသေးပဲ လာကာဇက်ဟာ အနည်းဆုံး ၅ရက်ကနေ အများဆုံး ၁၀ရက် ဝန်းကျင်အထိ အနားယူရနိုင်ကြောင်းလည်း နီးစပ်ရာ သတင်းဌာနတွေကို ပြောကြားထားကြပါတယ်။