ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် အကြို သဘောတူညီလိုက်ပြီလို့ Foot Mercato သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် ဘာပေလို တကယ့် ထိပ်တန်း ကစားသမားတစ်ဦးကို အရ ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းမှုတွေလည်း အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးပါတယ်။ အခုလည်း ရီးယဲလ်က ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် နောက်ဆုံးတစ်ကြိမ် ထပ်မံ ကြိုးပမ်းလာပြန်ပါတယ်။

Photo Credit : France 24

ရီးယဲလ်က အခု ဇန်နဝါရီလထဲမှာပဲ ဘာပေကို ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်ထားပြီး ဘာပေအနေနဲ့လည်း (၁)ရက်နေ့ကနေ (၁၅)ရက်အတွင်းမှာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့မရွှေ့ ဆိုတာကို ပြန်လည် အကြောင်းပြန်ပေးရမယ်လို့ အသိပေးထားပါတယ်။

ဒီလို ကမ်းလှမ်းထားမှုကို ဘာပေဘက်က မကြာသေးမီ ရက်ပိုင်းအတွင်းကပဲ သဘောတူ လက်ခံထားတယ်လို့ ပြင်သစ် အခြေစိုက် သတင်းမီဒီယာ Foot Mercato ကနေ ဖော်ပြထားပါတယ်။ ဒီသတင်းက ရာနှုန်းပြည့် ခိုင်မာမှု မရှိပေမယ့်လည်း ဘာပေအနေနဲ့ ဒီနွေမှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် သေချာပေါက် ရီးယဲလ်ဆီသာ ပြောင်းရွှေ့သွားနိုင်ပါတယ်။

Photo Credit : Football Transfer

အသက် (၂၅)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ လာမယ့် ၂၀၂၄ ဇွန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီအခြေအနေမှာ ရီးယဲလ်က ဘာပေကို အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့်လည်း လက်မှတ်ထိုးကြေး အပါအဝင် တစ်နှစ်လုပ်ခ ယူရို သန်း(၅၀)အထိ ပေးချေသွားမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာပေဘက်က အခု ရီးယဲလ် ကမ်းလှမ်းထားတဲ့ ကာလအတွင်း တိကျတဲ့ အကြောင်းပြန်မှုတွေ ရှိမလာခဲ့ဘူးဆိုရင်တော့ ရီးယဲလ်ဘက်က ဘာပေကို ဆက်လက် ကြိုးပမ်းတော့မှာ မဟုတ်ပဲ တခြားသော တိုက်စစ် options တွေဖြစ်တဲ့ ဟာလန်း အိုဆင်မန် ဗလာဟိုဗစ်တို့ကိုသာ ပြောင်းလဲ ပစ်မှတ်ထားဖွယ် ရှိနေပါတယ်။