စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လာမယ့် နွေဈေးကွက်မှာ သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် နာပိုလီရဲ့ တောင်ပံတိုက်စစ် ကစားသမား ခွာရတ်စကယ်လီယာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂျော်ဂျီယာအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘာစီလိုနာက တိုက်စစ်ပိုင်းမှာ လီဝန်ဒေါစကီး ၊ ဗစ်တာ ရိုကွေး ၊ ဂျာအို ဖီးလစ် ၊ ရာဖင်ညာ ၊ ယာမယ် ၊ ဖာရန်း တောရက်စ် စတဲ့ ကစားသမား ၆ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဂျာအို ဖီးလစ်က ယခုနှစ် ဘောလုံးရာသီအကုန်မှာ သူ့ရဲ့ မိခင်ကလပ် အက်သလက်တီကို မက်ဒရစ်ဆီ ပြန်ပြောင်းဖို့ ရာခိုင်နှုန်း များနေသလို ရာဖင်ညာနဲ့ ဖာရန်း တောရက်စ်တို့ရဲ့ အနာဂတ်တွေကလည်း မရေမရာ ဖြစ်နေပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ လူသစ်စုဆောင်းရေးဌာနက လာမယ့် နွေဈေးကွက်မှာသာ ဂျာအို ဖီးလစ် ၊ ရာဖင်ညာနဲ့ ဖာရန်း တောရက်စ်တို့ကို လက်လွှတ်လိုက်ရမယ် ဆိုရင် သူတို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမားစာရင်းကို စတင် စုဆောင်းနေပြီး ဘာစီလိုနာရဲ့ ပစ်မှတ်ထဲမှာ ခွာရတ်စကယ်လီယာလည်း ပါဝင်နေပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျော်ဂျီယာလက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခွာရတ်စကယ်လီယာက ၂၀၂၂ခုနှစ်မှာ ဂျော်ဂျီယာ ထိပ်သီးကလပ် ဘာတူမီ ကနေ နာပိုလီဆီ ပြောင်းရွှေ့ကြေး ယူရို ၁၃.၃သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် နာပိုလီနဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ တောက်ပနေတဲ့ ကစားသမား ဖြစ်ပြီး သူက နာပိုလီအတွက် ပြိုင်ပွဲစုံမှာ ၇၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Standard

နာမည်ကြီး ဂျော်ဂျီယာ ဘောလုံးသတင်းထောက် ခိုခီယာရှဗလီရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ခွာရတ်စကယ်လီယာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ လုပ်ခဲ့ပြီး ဘာစီလိုနာက လာမယ့် နွေဈေးကွက်မှာ ခွာရတ်စကယ်လီယာကို ခေါ်ယူချင်နေကြောင်း သိရှိရပါတယ်။

နာပိုလီက ခွာရတ်စကယ်လီယာကို သူတို့အသင်းမှာ ကာလရှည် ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပေမယ့် ခွာရတ်စကယ်လီယာ အတွက် တန်ကြေးမြင့် ပြောင်းရွှေ့ကြေး တရပ် ရောက်လာရင် ခွာရတ်စကယ်လီယာကို လက်လွှတ်ဖွယ် ရှိနေပြီး ခွာရတ်စကယ်လီယာရဲ့ တန်ကြေးက ယူရို ၇၀သန်း ဝန်းကျင် ရှိပါတယ်။