ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီးက သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကျန်မှာ ဧည့်သည် မန်ချက်စတာ စီးတီးကို အနိုင်ယူဖို့ အတွက် အဆင်သင့် ဖြစ်နေပြီး သူတို့အသင်းဟာ မြို့ခံပြိုင်ဘက် အာဆင်နယ် အတွက် စီးတီးကို အနိုင်ယူမှာ မဟုတ်ပဲ သူတို့အသင်း အတွက် အနိုင်ယူမှာလို့ ပွဲကြိုအင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ချန်ပီယံလိဂ်ဝင်ခွင့် တနေရာ အတွက် အက်စ်တွန်ဗီလာနဲ့ ယှဉ်ပြိုင်နေရသလို တဖက်မှာလည်း ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက စပါးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရပါတယ်။

Photo Credit: The Sun

စပါးက ပရီးမီးယားလိဂ်ပွဲ ၂ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ ဗီလာနဲ့ ရမှတ် ၅မှတ် အထိ ကွာဟနေတာကြောင့် သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်ကို ဆက်လက် မက်ချင်ရင် ဒီနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရအောင် ကစားဖို့ လိုအပ်ပြီး သရေကျတာနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိမ်မက်ကို လက်လွှတ်ရမှာပါ။

တဖက်မှာလည်း မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူချင်ရင် အဝေးကွင်းမှာ စပါးကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေပြီး မန်ချက်စတာ စီးတီးကသာ အဝေးကွင်းမှာ သရေ (သို့) အရှုံးရလဒ်မျိုး ထွက်ခဲ့မယ် ဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ရာခိုင်နှုန်း များသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နှစ်သင်းစလုံးက ရည်မှန်းချက် ကိုယ်စီ အတွက် တိုက်ပွဲဝင်ကြဖို့ ရှိနေသလို သရေတောင် ကျလို့ မရတာကြောင့် စပါးနဲ့ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ အားကြိုးမာန်တက် ကစားဟန်တွေကို မြင်တွေ့ရဖို့ ရှိနေပြီး ကူလူဆက်စကီးကတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဆိုလာပါတယ်။

ကူလူဆက်စကီးက – “ကျွန်တော်က အာဆင်နယ်အကြောင်း စိတ်မဝင်စားပါဘူး။ ဘောလုံးကစားတဲ့ အခါတိုင်းမှာ ကျွန်တော်တို့က ကိုယ့်အတွက်ပဲ အနိုင်ယူချင်တာပါ။ ကျွန်တော်တို့က ကိုယ့်အသင်းရဲ့ အကျိုးအတွက်ပဲ စဉ်းစားပါတယ်။ ကျွန်တော်က ပွဲစဉ်တွေကို ကြည့်လေ့ မရှိပါဘူး။ ကျွန်တော်က ဒီပွဲကို အနိုင်ယူချင်တယ်။ ဒါပါပဲ။ စီးတီးနဲ့ပွဲက ပွဲကောင်း တပွဲ ဆိုတာ သိသလို ကျွန်တော်က အဲ့ဒီပွဲ အတွက် အာရုံစိုက်ထားပါတယ်။ တကယ်လို့ ကျွန်တော်တို့ကသာ ဒီပွဲမှာ အနိုင်ရခဲ့ရင် ဘာမဆို ဖြစ်သွားနိုင်ပါသေးတယ်။ (ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပတ်သတ်ပြီး) ကျွန်တော်တို့က မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင်တိုင်း ရလဒ်ကောင်းတွေ ရလေ့ ရှိတာကြောင့် ဒီပွဲကလည်း ကျွန်တော်တို့ အတွက် ပွဲကောင်း တပွဲ ဖြစ်လာပါလိမ့်မယ်။ အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင် ကစားရတာက ကျွန်တော်တို့ အတွက် တကယ်ကောင်းတဲ့ အခွင့်အရေး တခုပါ။ ကျွန်တော်တို့ တသင်းလုံး ဒီပွဲအတွက် အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။