စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ကလွိုက်ဗက်ကတော့ သူ့အသင်းဟောင်း အနေနဲ့ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ မရောင်းချသင့်ဘူးလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာရဲ့ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီး မန်ချက်စတာ ယူနိုက်တက်က ဖရန်ကီ ဒီဂျောင် အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း + အပိုဆုကြေး ယူရို ၂၀သန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေပါတယ်။

Photo Credit: Marca

ဘာစီလိုနာကလည်း ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း တောင်းဆိုထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။

ဘာစီလိုနာနဲ့ နယ်သာလန်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ကလွိုက်ဗက်ကတော့ ဒီဂျောင်ကို ဘာစီလိုနာမှာသာ ဆက်လက် မြင်တွေ့ချင်နေပြီး ဘာစီလိုနာအနေနဲ့ ဒီဂျောင်လို အရည်အသွေးမြင့် ကွင်းလယ်လူ တဦးအား ရောင်းမထုတ်သင့်ကြောင်းလည်း ဆိုလာပါတယ်။

Photo Credit: Marca

ကလွိုက်ဗက်က – “ကျွန်တော်ကတော့ ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို အသင်းမှာ ဆက်ထိန်းထားဖို့ပဲ မျှော်လင့်ထားပါတယ်။ တကယ်လို့သာ သူတို့က ဒီဂျောင်ကို ရောင်းထုတ်လိုက်ရင် ပိုက်ဆံတွေ အများကြီး ရမှာ သေချာပေမယ့် ဘောလုံးရာသီ တခု ဆိုတာ အရမ်းကို ရှည်ကြာလွန်းပါတယ်။ ပြီးတော့ ဒီဂျောင်က သာမန် ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သူတို့က ဒီဂျောင်ကို ဆက်ထိန်းထားသင့်ပါတယ်။ ဘက်စ်ကွက်က ဒီဂျောင်နဲ့ ကစားပုံ နေရာချင်းတူသလို သူ့ရဲ့ ခြေစွမ်းကလည်း အခုချိန်အထိ ကောင်းနေတုန်းပါပဲ။ ဒါကြောင့် သူ့ကို လူစာရင်းထဲကနေ ဖယ်ရှားဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဂျောင်က နေရာစုံ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုးပါ” လို့ ပြောကြားသွားခဲ့တာပါ။