ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ အခုချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်တဲ့ အနေအထားမျိုးမှာ ရောက်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ကျိန်းသေ ရစေရမယ် ဆိုတဲ့ အာမခံချက်မျိုး မပေးနိုင်သေးကြောင်း ခရစ္စတယ် ပဲလေ့စ်နဲ့ လီဗာပူး ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ဒုတိယနေရာတွေ ရရှိခဲ့တဲ့ အထိ အောင်မြင်မှုတွေ ရခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Goal

လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ရဲ့ ချန်ပီယံဘွဲ့တွေကို အသီးသီး လက်လွှတ်ထားရသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ၂-၅ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။

ဒါ့အပြင် လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၄) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာ အထိ ရောက်ရှိနေပြီး ချန်ပီယံဆုကို မျှော်မှန်းလို့ မရတော့သလို ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄) အတွင်း ဝင်ခွင့် ရဖို့တောင် အတော်လေး ရုန်းကန်ရပါဦးမယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ခရစ္စတယ် ပဲလေ့စ်နဲ့ လီဗာပူး ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့ပ်က သူဟာ အခုချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ကျိန်းသေပေါက် အာမခံချက် မပေးနိုင်သေးကြောင်း ပြောကြားရင်း ပရိသတ်တွေကို တောင်းပန်သွားခဲ့တာပါ။

ကလော့ပ်က – “ကျွန်တော်တို့က လာမယ့်နွေဈေးကွက်မှာ ကျိန်းသေပေါက် အသင်းကို အင်အားဖြည့်တင်းရပါမယ်။ အခုချိန်မှာ ကျွန်တော်က ရာသီကုန်ရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာပေါက် ရစေရမယ် ဆိုတဲ့ အာမခံချက်မျိုး မပေးနိုင်ပါဘူး။ ဒီအတွက်လည်း တောင်းပန်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။