ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က သူတို့အသင်းဟာ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဖာမီနိုကို ရောင်းချဖို့ စဉ်းစားနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကို ငြင်းဆန် ပယ်ချသွားပြီး ဖာမီနိုဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်နေကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဖာမီနိုက ၂၀၁၅ခုနှစ်မှာ ဟော့ဖိန်ဟိမ်း ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၄၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး တကိုယ်ကောင်း မဆန်ပဲ ပျော်ပျော်နေတတ်တာကြောင့် အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Anfield Home

ဖာမီနိုက လီဗာပူးရဲ့ တကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့မှု ၊ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှု စတဲ့ အရေးပါတဲ့ အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အနည်းငယ် ရုန်းကန်ခဲ့ရသလို ယခု နွေဈေးကွက် အတွင်းမှာ လီဗာပူးက ဥရုဂွေး ကြယ်ပွင့် တိုက်စစ်မှူး နူနက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူခဲ့တာကြောင့် ဖာမီနိုအနေနဲ့ ရာသီသစ်မှာလည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာပါဘူး။

ဒါဝင် နူနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လီဗာပူးရဲ့ တိုက်စစ်ပိုင်းမှာ ဖာမီနို ၊ ဆာလာ ၊ နူနက်ဇ် ၊ လူးဝစ် ဒီယက်ဇ် ၊ ဂျိုတာ စတဲ့ တိုက်စစ်မှူး ၅ဦး အထိ ရှိသွားတာကြောင့် လီဗာပူးက ဖာမီနိုကို ရောင်းချတော့မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Anfield Home

ဒါပေမယ့် လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ဖာမီနိုဟာ အခုချိန်အထိ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်နေသေးကြောင်း ပြောကြားရင်း ဖာမီနိုကို ရောင်းချမယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ကလော့ပ်က – “ဘော်ဘီ(ဖာမီနို)က ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား တဦးပါ။ သူက အသင်းရဲ့ နှလုံးသား ၊ အသင်းရဲ့ စိတ်ဝိညာဉ်ပါ။ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ကစားနိုင်ခဲ့တဲ့ ကစားပုံက ဘော်ဘီကြောင့်သာ ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က သူနဲ့အတူ ရာသီကြို ခရီးစဉ် တလျှောက်လုံး အတူတကွ လေ့ကျင့်ခန်းဆင်းခွင့် ရခဲ့လို့ ပျော်ရွှင်နေတာပါ။ ကျွန်တော်က ဘော်ဘီနဲ့ ပတ်သတ်ပြီး အေးဆေးပါပဲ။ ကျွန်တော်က သူ့ရဲ့ အရည်အသွေးကို သံသယ မဝင်ပါဘူး။ ကျန်တာကတော့ ဒီရာသီမှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့ပဲ ကျန်ပါတယ်။ ဘော်ဘီက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။