ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ဒဏ်ရာရ ကစားသမားတွေ များပြားနေပေမယ့် ခရစ္စတယ် ပဲလေ့စ်ကို တယောက်လျော့ အနေအထားကနေ သရေပြန်ကစားနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ပဲလေ့စ်နဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို သရေသာ ကစားနိုင်ခဲ့တဲ့ လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ တဖက် တဂိုးစီ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Squawka

လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ ကာဗယ်လ်ဟို ၊ နူနက်ဇ်နဲ့ ကယ်လ်ဗင် ရမ်ဆေးတို့ကို ခေါ်ယူထားနိုင်တာကြောင့် ကောင်းမွန်တဲ့ နွေရာသီ အပြောင်းအရွှေ့ တခုကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောနိုင်ပေမယ့် ယခုအချိန်မှာ ဂျိုတာ ၊ ကာတစ်ဂျုံးစ် ၊ သီယာဂို အယ်ကန်တာရာ ၊ ချိန်ဘာလိန် ၊ ကိုနာတေးနဲ့ မာတစ် စတဲ့ အဓိက ကစားသမား ၆ယောက် အထိ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပွဲတိုင်းမှာ အင်ပြည့်အားပြည့် ကစားနိုင်ဖို့ ခက်ခဲနေပါတယ်။

ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာလည်း လီဗာပူးနည်းပြ ကလော့ပ်က ကွင်းလယ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ မီလ်နာကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ရသလို ခံစစ်ပိုင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ မရတော့တာ ကြာပြီ ဖြစ်တဲ့ နသန်နီရယ် ဖိလစ်ကို ဗန်ဒိုက်နဲ့ တွဲဖက်ကာ အသုံးပြုခဲ့ရပါသေးတယ်။

Photo Credit: Squawka

ဒါကြောင့်ပဲ လီဗာပူးအနေနဲ့ ဒဏ်ရာရ ကစားသမား များပြားနေချိန်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲနေတယ်လို့ ယူဆရနိုင်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း သူတို့အသင်းဟာ ကျိန်စာတိုက်ခံထားရသလို ဒဏ်ရာရ ကစားသမားတွေ များပြားနေကြောင်း ငြီးတွားသွားခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်ကို တယောက်လျော့ ၊ တဂိုးရှုံး အနေအထားကနေ သရေရလဒ် ရအောင် ပြန်ကစားနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ပွဲပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က အခုချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည် အတွက် ဂုဏ်ယူမိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ တပတ်လုံးမှာ အရာအားလုံးဟာ ကျွန်တော်တို့ရဲ့ ဆန္ဒတွေနဲ့ လုံးလုံးကို ဆန့်ကျင်နေခဲ့လို့ပါ။ ပြန်တွေးကြည့်ရင် အတော်လေးကို ရူးချင်စရာ ကောင်းပါတယ်။ ကျွန်တော်တို့က ကျိန်စာတိုက်ခံထားရသလိုပါပဲ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ပြဿနာတွေ ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီလိုမျိုး အခြေအနေဆိုးတွေထဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်း တရပ် ပြသနိုင်ခဲ့တဲ့ အသင်းအတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။