ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က မနက်ဖြန်ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးနေပေမယ့် ယူနိုက်တက်ကို အထင်မသေးရဲဘူးလို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးနဲ့ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် မနက်ဖြန်ည မြန်မာစံတော်ချိန် ၁၁နာရီမှာ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားကြတဲ့ ပွဲစဉ်ကို အင်္ဂလန်ဒါဘီလို့ တင်စားကြပြီး အင်္ဂလန်ဒါဘီဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံးနဲ့ အကြိတ်အနယ် အရှိဆုံး ဒါဘီပွဲလည်း ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ထိပ်တိုက် တွေ့ဆုံတိုင်း အကြိတ်အနယ် ယှဉ်ပြိုင် ကစားလေ့ ရှိကြပေမယ့် လက်ရှိမှာ အိမ်ရှင် လီဗာပူးက နိုင်ပွဲဆက်နေပြီး ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က ရလဒ်တွေ ဆိုးနေတာကြောင့် ဒီတကြိမ် တွေ့ဆုံမှုမှာ အိမ်ရှင် လီဗာပူးက နိုင်ပွဲ ရဖို့ ရာခိုင်နှုန်း အတော်လေး များပြားနေပါတယ်။

Photo Credit: KOP

ဒါပေမယ့် လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရလေလေ ၊ ပိုကောင်းလာလေလေ ဆိုတဲ့ အသင်းမျိုး ဖြစ်တာကြောင့် ရလဒ်ဆိုးနေတဲ့ ယူနိုက်တက်ကို အထင်မသေးရဲဘူးလို့ ဆိုလာပါတယ်။

ကလော့ပ်က – “မန်ချက်စတာ ယူနိုက်တက်နဲ့ မကစားခင်မှာ သတင်းစာတွေက မန်ချက်စတာ ယူနိုက်တက်အသင်း အခြေအနေ ဆိုးနေပြီလို့ ရေးတာမျိုး တွေ့ရတာကို မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုမျိုး အရေးခံရရင် ကျွန်တော်တို့နဲ့ တွေ့တဲ့ပွဲက သူတို့အတွက် လမ်းကြောင်းမှန်ကို ပြန်တက်နိုင်မယ့် ပွဲမျိုး ဖြစ်သွားလို့ပါ။ ကျွန်တော်က အဲ့ဒီလို အခြေအနေတွေကို မကြိုက်ပါဘူး။ လူတွေက ယူနိုက်တက်ရဲ့ မကောင်းကြောင်းတွေကို ပြောလေလေ ၊ ယူနိုက်တက်က ပိုပြီး ကောင်းလေလေပါပဲ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။