ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က မနက်ဖြန်မှာ သူတို့နဲ့ ရင်ဆိုင် ကစားရမယ့် ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိနိုင်သေးတယ်လို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားကာ ပြီးခဲ့တဲ့ တပတ်မှာ နယူးကာဆယ်ကို အနိုင်ယူပြီး ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၅) အပြီးမှာ ရမှတ် ၄၉မှတ်နဲ့ တတိယနေရာကို သိမ်းပိုက်ထားနိုင်ကာ အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၁၁မှတ် ၊ အဆင့်(၂)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၆မှတ် ပြတ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ထိပ်ဆုံးနှစ်သင်းနဲ့ ရမှတ် ကွာဟချက် များပြားနေပေမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့သာ အမှားတွေ လုပ်ခဲ့ရင် ချန်ပီယံဆုကို မျှော်လင့်လို့ ရနေသေးပြီး လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေသေးတယ်လို့ ဆိုလာပါတယ်။

Photo Credit: Mirror

ယာဂင် ကလော့ပ်က – “မန်ယူက ရလဒ်ကောင်းတွေ တောက်လျှောက် ရတဲ့ အသင်း ဖြစ်နေပါပြီ။ သူတို့က ထိပ်တန်းအဆင့် ကစားပုံ တခုနဲ့ ကစားပြနေသလို ကစားပုံ အဆင်မပြေရင်တောင် လိုချင်တဲ့ ရလဒ်တွေ ရအောင် ယူပြနေပါတယ်။ သူတို့က လိဂ်ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရတဲ့ အနေအထားမျိုးမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီအချက်က တနင်္ဂနွေနေ့မှာ ကစားရမယ့် ပွဲအတွက် အကျိုးသက်ရောက်မှု ရှိမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်တို့က အဲ့ဒီပွဲမှာ ရလဒ်ကောင်း တခု ရယူနိုင်အောင် အစွမ်းရှိသလောက် ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။