ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် ၁-၆ လီဗာပူး ပွဲစဉ်မှာ သူတို့အသင်းရဲ့ ခြေစွမ်းဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်း ဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဂတ်ပို ၊ ဆာလာ ၊ ဂျိုတာနဲ့ နူနက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Squawka

လိဒ်ယူနိုက်တက် ၁-၆ လီဗာပူး ပွဲစဉ်မှာ လီဗာပူးက ပွဲစပွဲဆုံး လိဒ်ယူနိုက်တက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၃ကြိမ် ရခဲ့ရာမှာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ကာ တိုက်စစ်မှူးတွေ အားလုံး သွင်းဂိုးတွေ ရခဲ့တာကြောင့် လီဗာပူး အတွက် ကျေနပ်စရာနိုင်ပွဲလို့ ပြောရင်လည်း မမှားပါဘူး။

အဆိုပါပွဲမှာ လီဗာပူး ကစားသမားတွေက ပွဲစပွဲဆုံး လိဒ်ယူနိုက်တက် ကစားသမားတွေကို ဖိအားပေး ကစားသွားခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူ့ကစားသမားတွေရဲ့ ကျားကုတ်ကျားခဲ ကြိုးစား အားထုတ်နေမှုတွေကို သဘောကျကာ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ ခြေစွမ်းဟာ လီဗာပူးရဲ့ ဒီရာသီ အကောင်းဆုံးခြေစွမ်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ဒီပွဲကို အဘက်ဘက်ကနေ ခြုံပြီး ကြည့်လိုက်မယ် ဆိုရင် ဒီပွဲဟာ ကျွန်တော်တို့အတွက် ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းကို ရခဲ့တဲ့ပွဲလို့ ထင်ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြိုင်ဘက် ကစားသမားတွေ အမှားတွေ လုပ်မိအောင် အများကြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ခြေစွမ်းပိုင်းကလည်း အတော်ကို ကောင်းခဲ့တာပါ။ ကျွန်တော်တို့တွေ လှပတဲ့ သွင်းဂိုးတွေ ရခဲ့တယ်။ ပြိုင်ဘက်ကို တန်ပြန်ဖိအားပေးမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲက အချိန်အကြာကြီးနေမှ မြင်ခဲ့ရတဲ့ ခြေစွမ်းအကောင်းဆုံးပွဲပါပဲ။ ကျွန်တော် အကြိုက်ဆုံးကတော့ ပွဲချိန် ၉၂မိနစ်ကို ရောက်နေတာတောင် ကျွန်တော်တို့ရဲ့ ကစားသမားတွေက လိဒ်ယူနိုက်တက်ရဲ့ ကစားသမား တယောက်ကို အမှားတွေ လုပ်မိအောင် ဖိအားပေး ကစားခဲ့တာကိုပါ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။