ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူဟာ ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲချင်စိတ် ရှိတာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ အဖြစ် အောင်ပွဲခံခွင့် ရဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက အက်ဖ်အေဖလားပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ကာရာဘောင်းပြိုင်ပွဲမှာ ချယ်လ်ဆီးကို အနိုင်ရကာ ချန်ပီယံ ဖြစ်ထားသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၁) အာဆင်နယ်နဲ့ ရမှတ်တူ အနေအထားမှာ ရပ်တည်နေနိုင်ပါတယ်။

Photo Credit: Anfield Watch

ဒါ့အပြင် လီဗာပူးက ဥရောပပြိုင်ပွဲ ဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ ရောက်ရှိနေပြီး လီဗာပူးက ကွာတားဖိုင်နယ်မှာ အီတလီကလပ် အတ္တလန်တာနဲ့ လာရောက် တွေ့ဆုံနေကာ ယနေ့မှာတော့ ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် အတ္တလန်တာကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ယာဂင် ကလော့ပ်က လီဗာပူးနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲမှာ မကြာခဏ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသလို ရလဒ်ကောင်းတွေလည်း ရယူနိုင်ခဲ့ပေမယ့် အခုချိန်အထိ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပဲ ယူရိုပါလိဂ်ဖလားဟာ ကလော့ပ်အတွက် လီဗာပူးရဲ့ နည်းပြဘဝမှာ ရယူဖို့ ကျန်နေသေးတဲ့ တလုံးထဲသော ဆုဖလားပါ။

Photo Credit: Euro Sports

ဒါကြောင့်ပဲ လီဗာပူးရဲ့ ပရိသတ်တွေက ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံးရာသီ ဖြစ်တဲ့ ဒီရာသီမှာ ယူရိုပါလိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံချင်နေပြီး ကလော့ပ်ကလည်း သူဟာ ယူရိုပါလိဂ်ချန်ပီယံ အရမ်း ဖြစ်ချင်နေပြီလို့ အတ္တလန်တာနဲ့ပွဲ အတွက် လုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်က ဘောလုံးကို ချစ်တဲ့ လူသား တယောက်ပါ။ ဒါကြောင့် ကျွန်တော်က ယူရိုပါလိဂ်ချန်ပီယံ အရမ်း ဖြစ်ချင်နေပါပြီ။ ဒါပေမယ့် ကျွန်တော်က လီဗာပူးနည်းပြဘဝမှာ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို ရယူနိုင်တဲ့ နည်းပြ ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်လို့ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ချင်တာ မဟုတ်ပါဘူး။ လူတွေကတော့ ကျွန်တော့်ကို အဲ့ဒီဂုဏ်ပုဒ်နဲ့ မြင်ချင်ကြမှာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အဲ့ဒီဂုဏ်ပုဒ်က မလိုအပ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။