ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ဘင်ဖီကာ ကနေ သူတို့အသင်းဆီ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ သူ့ရဲ့ တပည့်ဟောင်း လီဝန်ဒေါစကီးလို အောင်မြင်လိမ့်မယ်လို့ အာမခံသွားခဲ့ပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ယာဂင် ကလော့ပ်က သူ့ရဲ့ နည်းပြဘဝမှာ ထိပ်တန်း ကစားသမားပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ တပည့်တွေထဲမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နံပါတ်၉ တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ လီဝန်ဒေါစကီးလည်း ပါဝင်ပါတယ်။

Photo Credit: Bild

အသက် ၃၄နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝန်ဒေါစကီးက ကလော့ပ်နဲ့အတူ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ ကစားသမား တယောက် ဖြစ်ပြီး ကလော့ပ်ရဲ့ လမ်းညွှန်မှုတွေနဲ့ စိတ်ရှည် သည်းခံပေးမှုတွေကြောင့်သာ လီဝန်ဒေါစကီးက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး။

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်က ဘင်ဖီကာကနေ လီဗာပူးထံ ရောက်ရှိလာပြီးနောက် သင့်တင့်တဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ သေချာပေါက် ဂိုးရမယ့် အပိုင်အခွင့်အရေး များစွာကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပြီး ကလော့ပ်ကတော့ နူနက်ဇ်ဟာ အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တဦး ဖြစ်ကာ လီဝန်ဒေါစကီး ငယ်ငယ်ကလည်း အခုလိုမျိုး ဂိုးသွင်းမသေချာတဲ့ အချိန်တွေ ရှိခဲ့ကြောင်း ဥပမာပေးကာ နူနက်ဇ်ကို ကာကွယ်ပေးသွားခဲ့ပါတယ်။

Photo Credit: Bild

ကလော့ပ်က – “နူနက်ဇ်နဲ့ လီဝန်ဒေါစကီးတို့ ကြားထဲမှာ တူတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ကျွန်တော် အခု လီဝန်ဒေါစကီးရဲ့ ဖြစ်ရပ်လေး တခုကို ပြောပြမယ်ဗျာ။ လီဝန်ဒေါစကီး တယောက် ဂိုးသွင်းခွင့်တွေကို သေချာ အသုံးမချနိုင်တဲ့ အချိန်တခုမှာပေါ့။ အဲ့ဒီတုန်းကဆိုရင် ကျွန်တော်နဲ့ လီဝန်ဒေါစကီးက အမြဲတမ်း အလောင်းအစား တခု လုပ်လေ့ ရှိပါတယ်။ အဲ့ဒါက လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းရတဲ့ လေ့ကျင့်ခန်း လုပ်ပြီ ဆိုရင် ကျွန်တော်က လီဝန်ဒေါစကီးကို “မင်းက ၁၀ဂိုး အထက် သွင်းနိုင်ရင် ငါက မင်းကို ၁၀ယူရို ပေးမယ်။ တကယ်လို့ မင်းက မသွင်းနိုင်ရင်တော့ ငါ့ကို ၁၀ယူရို ပြန်ပေးရမယ်” လို့ ပြောပြီး အလောင်းအစား လုပ်ကြတာပါ။ အဲ့ဒီတုန်းကဆို ကျွန်တော့်အိတ်ထဲမှာ အမြဲတမ်း ပိုက်ဆံတွေ ပြည့်နေတာပါပဲ။ အဲ့ဒီအချိန်မှာ သတင်းထောက်တွေကလည်း အမြဲတမ်း ကျွန်တော့်ကို ဘာကြောင့် လီဝန်ဒေါစကီးကို ထုတ်သုံးတာလဲ ဆိုပြီး မေးခွန်းထုတ်လေ့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ လူးကပ် ဘာရီယို့စ် ရှိလို့ပါ။ ဘာရီယို့စ်က ကျောနံပါတ်၉ကို ယူထားသလို သူက အဲ့ဒီရာသီမှာ ၁၆ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။ ဘာရီယို့စ်ကြောင့်ပဲ လီဝန်ဒေါစကီးက နံပါတ်၉ တိုက်စစ်မှူး အဖြစ် ကစားခွင့် မရခဲ့ပဲ နံပါတ် ၁၀နေရာမှာသာ အချိန်အတော်ကြာ ကစားခဲ့ရပါတယ်။ သူက ၄-၂-၃-၁ ကစားကွက်ရဲ့ နံပါတ်၁၀နေရာမှာ ကစားနေခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီနှစ်မှာပဲ ကျွန်တော်က လီဝန်ဒေါစကီးကို နေရာပေးရမယ့် အချိန် ရောက်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ပြောချင်တာက အရာရာတိုင်းမှာ စိတ်အေးအေး ထားရမယ့် အချိန်ဆိုတာ ရှိပါတယ်။ ခင်ဗျားက ကစားသမား တယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းကို မြင်နေရရင် စိတ်အေးအေး ထားရပါမယ်။ ဒါကြောင့် ကျွန်တော်က နူနက်ဇ်နဲ့ ပတ်သတ်ပြီး ယုံကြည်မှု အပြည့် ရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်ရပါတော့မယ်။ နူနက်ဇ်က လီဝန်ဒေါစကီးနဲ့ တူတဲ့ ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။