ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ သူ့အသင်းရဲ့ ကစားသမားတွေဟာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို လျှော့မတွက်ပဲ အကောင်းဆုံး ကစားဖို့ လိုအပ်ကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မကြာသေးခင်ကမှ ကာရာဘောင်းပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီး လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ် ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေနဲ့ အပြိုင် ဖြစ်နေသလို ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ် အထိ ရောက်နေပါတယ်။

Photo Credit: Sky Sports

မနက်ဖြန်ညမှာတော့ လီဗာပူးက အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဖြစ် သူတို့ရဲ့ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး လီဗာပူးက ဆုဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူမယ် ဆိုတဲ့ စိတ်ကူးအိမ်မက်ကြောင့် ဒီပွဲကို အနိုင်ကစားမှာ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီရာသီမှာ တလုံးထဲသာ ကျန်တော့တဲ့ အက်ဖ်အေဖလား အတွက် အစွမ်းကုန် တိုက်ပွဲဝင်ဖို့ ရှိနေပါတယ်။

လတ်တလော ခြေစွမ်းပိုင်းအရ လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ထက် အပြတ်အသတ် အသာရနေပေမယ့် ကစားရမယ့်ကွင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ် ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကလည်း အိမ်ကွင်းအားသာချက်ကို အသုံးပြုကာ လီဗာပူးကို အစွမ်းကုန် ရင်ဆိုင်မှာပါ။

ဘောလုံးရေးရာ သုံးသပ်သူ အများစုက လီဗာပူးဟာ မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို လျှော့တွက်လို့ မရပဲ နိုင်ပွဲရယူချင်ရင် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Goal

ကလော့ပ်က – “ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်ပွဲ အတွက် အကောင်းဆုံး ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့က ကြာသပတေးနေ့မှာ ပွဲကစားထားရပါတယ်။ ယူနိုက်တက်ကတော့ တပတ်လုံး ပြင်ဆင်ချိန် ရထားပါတယ်။ တန်ဟက်ဂ်က ကျွန်တော်တို့နဲ့ တွေ့ရင် ဘယ်လိုကစားရမလဲ ဆိုတာ သိလို့ သူက သူ့ရဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ လုပ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ သူတို့နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ ကျွန်တော်တို့က ဒီပွဲအတွက် ပြင်ဆင်နိုင်သလောက် အစွမ်းကုန် ပြင်ဆင်သွားပါမယ်။ ကျွန်တော်က ဒီလို ပွဲကြီးပွဲကောင်းတွေကို သဘောကျပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြောင်းကို အများကြီး မသိပေမယ့် ဒီရာသီမှာ သူတို့တွေ ကစားပုံ ကောင်းခဲ့တဲ့ ပွဲတချို့ ရှိတာကိုတော့ သိပါတယ်။ သူတို့အသင်းမှာ ကစားသမားကောင်းတွေ ရှိပေမယ့် ဒဏ်ရာပြဿနာတွေလည်း အများအပြား ရှိနေပါတယ်။ ဟွိုက်လန်းနဲ့ ဘစ္စကာတို့က ပြန်လာနေပါပြီ။ သူတို့က မနက်ဖြန်ပွဲမှာ ခြားနားမှုတွေ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းက ကစားရခက်တဲ့ ကွင်းတခုပါ။ နှစ်သင်းစလုံးရဲ့ ပရိသတ်တွေ အတွက် ဒီပွဲက အဓိပ္ပါယ်တွေ အများကြီး ရှိတာကို သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကွင်းထဲရောက်ရင် အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အဲ့ဒီပွဲကို နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ကြိုးစားကြည့်လို့ပဲ ရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။