လီဗာပူးလ်အသင်း နည်းပြဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းရဲ့ အဓိက ကစားသမား မိုဟာမက် ဆာလာအနေနဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကနေ အုပ်စုအဆင့်နဲ့ စောစောစီးစီး ပြုတ်လာခဲ့မယ်ဆိုရင် သူပျော်ရွှင်နေမိမှာပဲလို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ဆာလာက ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသပြီး အသင်းရဲ့ သွင်းဂိုးတွေ များစွာကိုလည်း သွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်ပေမယ့်လည်း အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလားပွဲကို ဆင်နွဲရတော့မှာမို့ တစ်လခန့်လောက်အထိ လက်လွတ်သွားရပါတော့မယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းက မိုဆာလာအပြင် နွေကမှ စတုဂတ်ကနေ ခေါ်ယူထားခဲ့တဲ့ ဂျပန် ကွင်းလယ်လူ အန်ဒိုကိုလည်း မကြာခင် ကျင်းပသွားမယ့် အာရှဖလားပြိုင်ပွဲဆီ စေလွတ်သွားရဦးမှာဖြစ်လို့ ဒါက လီဗာပူးလ်အတွက် နစ်နာစရာ ဖြစ်လာနိုင်ပါတယ်။

ဆာလာလို အသင်းအတွက် အတော်လေး အရေးပါတဲ့ ကစားသမားကို တစ်လခန့်လောက် စေလွတ်ရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ကလော့ပ်က “ကျွန်တော်က မိုဆာလာကို အာဖရိကပြိုင်ပွဲမှာ ကံကောင်းပါစေဆိုပြီး ဆုတောင်းပေးတယ်ဆိုရင် ဒါဟာ လိမ်ပြောရာကျနေပါလိမ့်မယ်။”

Photo Credit : Marca

“ကျွန်တော် တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်အရဆိုရင်တော့ ဆာလာရဲ့ အီဂျစ်အသင်း အုပ်စုအဆင့်ကနေသာ ပြုတ်သွားမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာ။ ဒါပေမယ့် ဒီလို ဖြစ်လာဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ သူတို့အသင်းက ပြ်ိုင်ပွဲမှာ ဗိုလ်ပါစွဲသွားနိုင်ပါသေးတယ်။”

“ဒါကြောင့် ကျွန်တော်က မိုဆာလာအတွက် ကံကောင်းပါစေ။ ဒီကိုလည်း ဘာဒဏ်ရာမှ မရရှ်ိပဲ ပြန်လာနိုင်ပါစေဆိုပြီး ဆုတောင်းပေးရပါတော့မယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဘက်က အကောင်းဆုံး ကိုင်တွယ်သွားနိုင်အောင် လုပ်ဆောင်သွားရပါမယ်။” လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။