ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူနေရတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အန်ဂိုလို ကန်တီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကန်တီဟာ ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Nigeria Post

ကန်တီက ပြီးခဲ့တဲ့ ပေါင်ခြံဒဏ်ရာ ၊ ဒူးဒဏ်ရာ ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ ထိခိုက်နာကျင်မှုတို့ကြောင့် ချယ်လ်ဆီးရဲ့ပွဲ ၁၆ပွဲ အထိ လွဲချော်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာတို့ကြောင့် ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၂ပွဲသာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ကြံ့ခိုင်မှု မပြည့်ဝတော့တဲ့ ကန်တီကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေကြပြီး ကန်တီကလည်း သူ့ကို အနည်းဆုံး ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သာ မကမ်းလှမ်းရင် ချယ်လ်ဆီးနဲ့ စာချုပ်သစ် ထပ်မချုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Nigeria Post

ချယ်လ်ဆီးနဲ့ ကန်တီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ လက်ရှိစာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ချယ်လ်ဆီးနဲ့ ကန်တီတို့ရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု ရဖို့ ခက်ခဲနေပြီး ကန်တီကလည်း သူ့ကို မလေးစားတဲ့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကန်တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နာမည်ကြီးအသင်းတွေ အများအပြား ရှိနေပြီး လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ကန်တီကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံးအသင်း ဖြစ်ကြောင်းလည်း ရိုမာနိုက ဖော်ပြထားပါတယ်။