ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုသာ ရလာရင် ချက်ချင်း လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ အင်္ဂလန်သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ တဦး ဖြစ်ပြီး သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ကြောင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကာလရှည် သက်သေပြထားပါတယ်။

Photo Credit: Team Talk

ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၃ကြိမ်နဲ့ ကမ္ဘာ့ဖလားရဲ့ ရွှေဖိနပ်ဆု ၁ကြိမ်တို့ကို ရယူထားနိုင်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝမှာ ဆုဖလား တလုံးတလေတောင် မရခဲ့ပဲ တဦးချင်း အောင်မြင်မှုတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဟယ်ရီကိန်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပါးကို စွန့်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကာ နှစ်သင်းစလုံးက လာမယ့်နွေဈေးကွက်မှာ ဟယ်ရီကိန်း အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီလာနေးရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ ဟယ်ရီကိန်း အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေသလို ဟယ်ရီကိန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာချင်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က ဟယ်ရီကိန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် စတင် ဆွေးနွေးနေကြောင်း ဆိုပါတယ်။