ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အတွက် ဂျာမဏီမြေမှာ ဆေးစစ်မှုတွေ ခံယူနေတဲ့ အင်္ဂလန် ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ဂျာမန် စူပါဖလားပွဲမှာ ပါဝင်နိုင်ဖို့ အတွက် စာချုပ် ချုပ်ဆိုမှုတွေကို ခပ်မြန်မြန် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်က အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော်နဲ့ ခေါ်ယူဖို့ ယမန်နေ့မှာပဲ စပါးနဲ့ တရားဝင် သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့ ဆေးစစ်မှုတွေ လုပ်ဖို့ အတွက် ယမန်နေ့ညပိုင်းမှာပဲ ဂျာမဏီနိုင်ငံဆီ လာခဲ့ပါတယ်။

Photo Credit: Euro Sports

ဟယ်ရီကိန်းက ဂျာမန်မြေဆီ ရောက်တာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ လေ့ကျင့်ရေးကွင်းဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့သလို တဖက်မှာလည်း ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ ဟယ်ရီကိန်းရဲ့ အေးဂျင့်တို့က သူ့ရဲ့ အပြောင်းအရွှေ့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်း စာရင်းသွင်းမှုတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ယနေ့ညမှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ဂျာမန်စူပါဖလားပွဲမှာ ထည့်သွင်း ကစားဖို့ အတွက် အချိန်မီ စာရင်းသွင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပြီး ဟယ်ရီကိန်းကလည်း ဂျာမန်စူပါဖလားပွဲမှာ ဝင်ရောက် ကစားချင်ကြောင်း ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်ကို အသိပေးထားပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းကို အချိန်မီ အသင်းရဲ့ ကစားသမား အဖြစ် မှတ်ပုံတင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ဟယ်ရီကိန်းက ဆေးစစ်မှုတွေ ပြီးတာနဲ့ အချိန်အနည်းငယ်သာ အနားယူကာ ပွဲကစားဖို့ အတွက် လေ့ကျင့်ခန်း ပြန်ဆင်းမယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် ဟယ်ရီကိန်းက လက်ရှိချိန် အထိ ကစားသမား ဘဝမှာ တရားဝင် ဆုဖလား တလုံးမှ မရဖူးသေးတာကြောင့် ဂျာမန်စူပါဖလားပွဲမှာသာ ဘိုင်ယန်မြူးနစ်က အနိုင်ရခဲ့ရင် ဟယ်ရီကိန်းဟာ သူ့ဘဝရဲ့ ပထမဦးဆုံး ဆုဖလားကို ကိုင်မြှောက်ခွင့် ရမှာလည်း ဖြစ်ပါတယ်။