ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တက်သစ်စ လူငယ်ခံစစ်မှူး ကမ်ဘွာလာက သူ့ရဲ့ခေါင်းထဲမှာ အခြားအသင်းတွေ မရှိပဲ မန်ချက်စတာ ယူနိုက်တက်သာ ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်မှာပဲ အချိန်အကြာကြီး ကစားချင်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ခံစစ်မှူး ကမ်ဘွာလာက ၂၀၂၀ခုနှစ်မှာ ပြင်သစ်ကလပ် ဆိုးချော့ ကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၄သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Goal

ကမ်ဘွာလာက အသက် ၁၆နှစ် ဝန်းကျင်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာတာကြောင့် ယူနိုက်တက်ရဲ့ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာသာ ဦးစွာ ကစားခဲ့ရပြီး ကမ်ဘွာလာက ယူနိုက်တက်ရဲ့ ယူ-၁၉အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ၊ ယူ-၂၁အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးခဲ့ပါတယ်။

ကမ်ဘွာလာက အရပ်အမောင်း မြင့်မားသလို ဘောလုံးရှင်းထုတ်ပုံ သေသပ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က သူ့ကို တောက်ပလာမယ့် လူငယ်ကြယ်ပွင့် အဖြစ် ရှုမြင်ထားပြီး တန်ဟက်ဂ်က ယခုနှစ်ရာသီမှာ ကမ်ဘွာလာကို အသင်းကြီးဆီ ခေါ်ယူကာ လေ့ကျင့်ပေးနေသလို ပွဲထွက် ကစားခွင့်တွေလည်း ပေးထားပါတယ်။

Photo Credit: Standard

ကမ်ဘွာလာက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားပေးထားပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကမ်ဘွာလာက သူ့ရဲ့ခေါင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် တသင်းထဲသာ ရှိကြောင်း ပြောကြားလာပါတယ်။

ကမ်ဘွာလာက – “ကျွန်တော့်ရဲ့ အိမ်မက်အသင်းက မန်ချက်စတာ ယူနိုက်တက်ပါ။ ဒါပါပဲ။ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ တခြားအသင်းတွေ အတွက် နေရာမရှိပါဘူး။ အင်္ဂလန်နိုင်ငံမှာလည်း ကျွန်တော် ကစားချင်တဲ့ တခြားအသင်း ဆိုတာ မရှိပါဘူး။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ကိုပဲ ခေါင်းထဲ ထည့်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတာ မသိပေမယ့် ကျွန်တော် လူမှန်းသိတတ်စ အရွယ်ကနေ စပြီး အခုချိန်အထိ ယူနိုက်တက်ရဲ့ အကြောင်းတွေကိုပဲ တွေးဖြစ်ခဲ့တာပါ။ ဒါကြောင့် ယူနိုက်တက်မှာ ကစားခွင့် ရနေတဲ့ အတွက် ဂုဏ်ယူ ပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။