အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဗဟိုနောက်ခံလူ ကူလီဘလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟိုခံစစ်မှူး ကူလီဘလီက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ နာပိုလီကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Daily Post Nigeria

ကူလီဘလီက ချယ်လ်ဆီးဆီ ပြောင်းရွှေ့ပြီးနောက် ပုံမှန် ကစားခွင့် ရခဲ့ပေမယ့် မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ ကူလီဘလီကို ပြန်လည် ရောင်းချဖို့ စဉ်းစားနေကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေး ပေါင် ၆၀၀သန်းကျော် အသုံးပြုကာ ခေါ်ယူခဲ့သလို လာမယ့် နွေဈေးကွက် အတွင်းမှာလည်း ကစားသမားသစ်တွေကို ထပ်ခေါ်ဖို့ စီစဉ်နေတာကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ကူလီဘလီဟာ ချယ်လ်ဆီးရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Football London

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ချယ်လ်ဆီးကနေ ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ကူလီဘလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေဟာ ကူလီဘလီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကာ ကူလီဘလီကလည်း ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးက ယူရို ၃၈သန်း ပေးကာ ဝယ်ယူထားရတဲ့ ကူလီဘလီကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ရရင် ပြန်လည် ရောင်းချနိုင်ချေ ရှိနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။