အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ သူတို့အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ မန်ချက်စတာ ယူနိုက်တက် ကနေ ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဂျူဗင်တပ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ပေါလ် ပေါ့ဘာက ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်သလို ၂၀၁၂ခုနှစ် ကနေ ၂၀၁၆ခုနှစ် အထိ ဂျူဗင်တပ် အတွက် ကစားပေးခဲ့ဖူးပြီး ပေါ့ဘာဟာ ဂျူဗင်တပ်နဲ့အတူ ရှိနေစဉ်မှာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းပြခဲ့တာကြောင့် ယခုတကြိမ်မှာလည်း ပေါ့ဘာဟာ ဂျူဗင်တပ်ရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေစဉ်ကတည်းက မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရခဲ့တဲ့ ပေါ့ဘာက ဂျူဗင်တပ်ဆီ ရောက်ရှိချိန်မှာလည်း ဒဏ်ရာပြဿနာတွေ ကနေ မလွတ်ကင်းနိုင်ခဲ့ပဲ ဂျူဗင်တပ်ရဲ့ ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ ချေဗက်နဲ့ ပွဲမှာ ဒူးခေါင်းဒဏ်ရာ ရသွားခဲ့တာကြောင့် ၄လကျော် အနားယူခဲ့ရပါတယ်။

Photo Credit: Goal

ဒူးခေါင်းဒဏ်ရာကြောင့် ၄လကျော်ကြာ အနားယူခဲ့ရပြီးနောက် ပြန်လည် သက်သာလာချိန်မှာလည်း ပေါ့ဘာက ခြေသလုံး ကြွက်သားဒဏ်ရာ ထပ်ရခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် ပေါ့ဘာဟာ ယခုချိန်အထိ ဂျူဗင်တပ် အတွက် ပြန်ကစားပေးနိုင်ခြင်း မရှိပဲ ဂျူဗင်တပ်ကတော့ ဒဏ်ရာပြဿနာ များပြားနေတဲ့ ပေါ့ဘာကို စတင် စိတ်ပျက်နေပါပြီ။

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ပေါ့ဘာအပေါ် စိတ်ပျက်မှုတို့ကြောင့် လာမယ့် နွေဈေးကွက်မှာ ပေါ့ဘာကို ပြန်လည် ရောင်းချဖို့ စဉ်းစားနေပြီး ဂျူဗင်တပ်ဟာ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား ပမာဏ တရပ် လိုချင်နေကြောင်း သိရပါတယ်။