အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်လီရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ဒီယာလိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ နောက်ခံလူ ဒီယာလိုက ၂၀၁၉ခုနှစ်မှာ အေစီမီလန် လူငယ်အသင်း ကနေ လိုင်လီဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက လိုင်လီဆီ ရောက်ရှိပြီးနောက် ဖြည်းဖြည်းချင်း ပွဲထွက်ခွင့် ရလာခဲ့ကာ လက်ရှိမှာတော့ အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းပြနေပါတယ်။

 

Photo Credit: Sky Sports

ဒီယာလိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ လိုင်လီရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ကစားခွင့် ရခဲ့ပြီး သူက လိုင်လီအတွက် ပြိုင်ပွဲစုံမှာ ၁၀၂ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

ဒီယာလိုက ဗဟိုခံစစ် နှစ်နေရာစလုံး အပြင် ဘယ်နောက်ခံနဲ့ ညာနောက်ခံ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေကြောင့်ပဲ အီတလီ ကလပ်််တွေ ဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီမီလန်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဂျူဗင်တပ်ကတော့ ဒီယာလို အတွက် အတ​က်ကြွဆုံး လှုပ်ရှားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်း​ထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဒီယာလို အတွက် လိုင်လီထံ ပြောင်းရွှေ့ကြေး ယူရို ၃သန်း ပေးချေဖို့ အသင့် ပြင်ထားသလို ဒီယာလိုရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ပါ ကြိုးစားနေကြောင်း သိရပါတယ်။

ဒီယာလိုက လိုင်လီနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တာကြောင့် လိုင်လီက ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားထားပြီး ဒီယာလိုကသာ ဂျူဗင်တပ်ဆီ ပြောင်းဖို့ သဘောတူလိုက်ရင် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။