အီတလီ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းက ဒီနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းဆီ တစ်ရာသီ အငှားချထားတဲ့ ကွင်းလယ်လူ ဒန်းနစ်ဇာကာရီယာကို အသုံးချပြီး ချယ်လ်ဆီး ကွင်းလယ်ကစားသမား မက်တီယိုကိုဗာဆစ်ကို ခေါ်ယူသွားဖို့ လုပ်ဆောင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Chelsea's Denis Zakaria ruled out for four weeks - Sports Mole

Photo Credit : Sports Mole

ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဇာကာရီယာဟာ ဒီရာသီရဲ့ နွေဈေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်ကနေ ချယ်လ်ဆီးကို အငှားစာချုပ်နဲ့ ပြောင်းရွေ့လာခဲ့ပြီး ဇာကာရီယာဟာလည်း ဒဏ်ရာ မရသွားခင်အထိ ချယ်လ်ဆီးမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဇာကာရီယာကို အငှားနဲ့ ခေါ်ယူခဲ့စဉ်တုန်းက အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းထားခဲ့တာကြောင့် လာမယ့်နွေမှာ သတ်မှတ်ထားတဲ့ တန်ကြေးမျိုးနဲ့ ဇာကာရီယာကို အပြီးသတ် ခေါ်ယူနိုင်မှာ ဆိုပေမယ့်လည်း အီတလီ အခြေစိုက် Calcio Mercato Web သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ဂျုဗင်တပ်စ်က ချယ်လ်ဆီးရဲ့ ကိုဗာဆစ်ကို အလိုရှိလာတာကြောင့် ချယ်လ်ဆီးသာ ကိုဗာဆစ်ကို ဂျုဗင်ဆီ ပို့ပေးမယ်ဆိုရင် သူတို့ဘက်ကလည်း ဇာကာရီယာကို ချယ်လ်ဆီးအသင်းဆီ အပြီးသတ် ရောင်းချပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရဲ့ နွေနဲ့ ဆောင်းဈေးကွက်တွေအတွင်း ကစားသမားသစ် ခေါ်ယူမှုတွေကို များစွာ လုပ်ဆောင်ထားခဲ့ပြီး အဲ့ဒီထဲမှာ ကွင်းလယ်ပိုင်း အားဖြည့်မှုတွေလည်း ပါဝင်နေတာကြောင့် အသင်းရဲ့ ကွင်းလယ်ကစားသမားထဲကမှ တချို့ကို ရှင်းထုတ်ရဖို့ ရှိနေပြီး ဒီလို ရှင်းထုတ်သွားမယ့် ကစားသမားထဲမှာ ခရိုအေးရှား ကွင်းလယ်လူ ကိုဗာဆစ်ပါ ပါဝင်လာနိုင်တယ်လို့ သုံးသပ်လာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ရီးယဲလ်မက်ဒရစ်ကနေ ချယ်လ်ဆီးကို ပြောင်းရွေ့လာခဲ့သူ ကိုဗာဆစ်ဟာ ၂၀၂၄ခုနှစ်အထိ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပေမယ့်လည်း ချယ်လ်ဆီး ကွင်းလယ်မှာ အန်ဇိုဖာနန်ဒက်ဇ် ဂယ်လာဂါတို့ ရှိနေသလို ကန်တီ ဇာကာရီယာတို့လည်း ဒဏ်ရာကနေ ပြန်သက်သာလာရင် အသင်းမှာ နေရာလည်း ပြန်ရနိုင်ပြီး ဆန်းတို့စ် ချူကွယ်မယ်ကာတို့လို လူငယ် ကစားသမားလေးတွေလည်း ရှိနေသေးတာကြောင့် ကိုဗာဆစ်အနေနဲ့ ပုံမှန်နေရာ ရရှိဖို့ မလွယ်ကူနိုင်တော့တာ သေချာလာပါတယ်။ ဒီအခြေအနေကို ဂျုဗင်တပ်စ်ဘက်က ကောင်းကောင်း အသုံးချသွားဖို့ စီစဉ်လာခဲ့ပြီး ဇာကာရီယာနဲ့ ကိုဗာဆစ်တို့ကို ကစားသမားချင်း တိုက်ရိုက် လဲလှယ်သွားဖို့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။