အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ အယ်လီဂရီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးနောက် ဘိုလော့ဂ်နာနည်းပြချုပ် သီယာဂို မော့တာကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာ ယနေ့မနက် အစောပိုင်းမှာပဲ မော့တာနဲ့ တရားဝင် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

ဂျူဗင်တပ်က အီတလီလူမျိုး နည်းပြချုပ် အယ်လီဂရီကို ၂၀၂၁ခုနှစ်မှာ တကျော့ပြန် ပြန်လည် ခန့်အပ်ခဲ့ရာ ၂၀၂၁ခုနှစ် ကနေ ဒီရာသီ အထိ ဆုဖလား တလုံးမှ မရယူနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၄၁နှစ် အရွယ် ဘရာဇီးလ်-အီတလီလူမျိုး သီယာဂို မော့တာက ကစားသမား ဘဝမှာ အင်တာမီလန် ၊ ပီအက်စ်ဂျီ စတဲ့ ဥရောပရဲ့ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးသလို နည်းပြလောကထဲကို ဝင်ရောက်လာချိန်မှာလည်း ဂျီနိုအာ ၊ စပီဇီယာ ၊ ဘိုလော့ဂ်နာ စတဲ့ စီးရီးအေကလပ်တွေကို အကောင်းဆုံး ကိုင်တွယ်ပြထားပါတယ်။

သီယာဂို မော့တာက နည်းပြဘဝမှာ ဆုဖလား အောင်မြင်မှုတွေ မရသေးပေမယ့် သူ့ရဲ့ ဘိုလော့ဂ်နာက ယခုနှစ် ဘောလုံးရာသီမှာ စီးရီးအေ အသင်းကြီးတွေကို အကောင်းဆုံး ယှဉ်ပြိုင်နေနိုင်ပြီး နာမည်ကြီး ကစားသမားတွေ မရှိပေမယ့် စီးရီးအေပြိုင်ပွဲမှာ ၃၃ပွဲ ကစားထားရာ ရမှတ် ၆၂မှတ် အထိ ရယူထားနိုင်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေပါတယ်။

Photo Credit: Caught Offside

ဒါကြောင့်ပဲ ဂျူဗင်တပ်က အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် တက်သစ်စနည်းပြ သီယာဂို မော့တာကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေဟာ ယခုလ အစထဲက သီယာဂို မော့တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်နေခဲ့တာပါ။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ယနေ့မနက် အစောပိုင်းမှာပဲ သီယာဂို မော့တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး သီယာဂို မော့တာက ဂျူဗင်တပ်နဲ့ အနည်းဆုံး ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။