ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တုန်းက ချယ်လ်ဆီး နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ကြားမှာ တိုက်စစ် ကစားသမား နှစ်ဦး swap deal ဖြစ်ပေါ်လာဖို့ အကြောင်းဖန်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဒီ deal က ဖြစ်ပေါ်မလာခဲ့ပဲ ပျက်ပြယ်ခဲ့ရပါတယ်။
အဲ့ဒီတုန်းက ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူ နဲ့ ဂျုဗင်တပ်စ် တိုက်စစ်မှူး ဗလာဟိုဗစ်တို့ရဲ့ အလဲအထပ် အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ နီးစပ်မှုတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိမှာ ဗလာဟိုဗစ်က ဂျုဗင်တပ်စ်မှာပဲ ဆက်ရှိနေရသလို လူကာကူကတော့ ရိုးမားဆီသာ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
Photo Credit : Football London
နွေရာသီတုန်းက ချယ်လ်ဆီးအသင်းက တိုက်စစ်ပိုင်းအတွက် နီကိုလပ်စ် ဂျက်ဆင် နဲ့ ခရစ္စတိုဖာ အန်ကွန်ကူတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း အန်ကွန်ကူက ဒဏ်ရာပြသာနာကြောင့် ကာလရှည် အနားယူရဖို့ ရှိလာချိန်မှာတော့ ချယ်လ်ဆီးက တိုက်စစ်ပိုင်း ထပ်မံ အားဖြည့်ဖို့ ဗလာဟိုဗစ်ကို ပစ်မှတ်ထားလာပါတယ်။
ဂျုဗင်တပ်စ်ကလည်း သူတို့ရဲ့ ဆာဘီးယားသား တိုက်စစ် ကစားသမား ဒူဆန် ဗလာဟိုဗစ်ကိုသာ လက်လွတ်ရမယ်ဆိုရင် သူ့နေရာမှာ လူကာကူနဲ့ ပြန်လည် အစားထိုးဖို့ စီစဉ်ထားရာ ကစားသမားနှစ်ဦး အလဲအထပ် လုပ်ဆောင်ဖို့အထိ ဆွေးနွေးဖြစ်ခဲ့ကြပါသေးတယ်။
Photo Credit : Eurosport
ဒါပေမယ့် တကယ်တမ်းမှာတော့ အပြောင်းအရွှေ့က ဖြစ်ပေါ်မလာခဲ့ပဲ လူကာကူကသာ သူ့ဆရာဟောင်း မော်ရင်ဟိုရှိရာ ရိုးမားဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဒီလို ဗလာဟိုဗစ် နဲ့ ချယ်လ်ဆီးတို့ အပြောင်းအရွှေ့ မဖြစ်လာရတဲ့ အကြောင်းအရင်းကို ဂျုဗင်တပ်စ်ရဲ့ အားကစား ဒါရိုက်တာဖြစ်သူက ဖွင့်ဟလာခဲ့ပါတယ်။
“ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဗလာအိုဗစ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းဆီက ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒူဆန်ကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် သင့်တော်တဲ့ ပမာဏနဲ့ ကမ်းလှမ်းမှုရလာခဲ့ရင် အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုဟာ ကျွန်တော်တို့ လိုချင်တဲ့ပမာဏအထိ မရောက်ရှိခဲ့ပါဘူး။ ဒါ့ကြောင့်လည်း လူကာကူ နဲ့ အလဲအထပ်လုပ်ဖို့ အစီအစဉ်က အထမမြောက်ခဲ့တာ ဖြစ်ပါတယ်။” ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။