စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ဂျု့ဒ် ဘယ်လင်ဟမ်က ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ဒေါ့မွန် ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ဘယ်လင်ဟမ်က ဒေါ့မွန်မှာ လူငယ်ကြယ်ပွင့် အဖြစ်သာ သတ်မှတ်ခံခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိပြီးနောက် သူဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီး ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘယ်လင်ဟမ်က ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ဒီရာသီ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေသလို ရီးရဲလ်မက်ဒရစ်နဲ့အတူ စပိန်စူပါဖလားကိုလည်း ရယူ သိမ်းပိုက်ထားနိုင်ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို သိမ်းယူနိုင်ဖို့ အတွက် လက်တကမ်းအလိုကို ရောက်ရှိနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ဘယ်လင်ဟမ်ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ၃၃ရာခိုင်နှုန်း အထိ ရှိနေတာကြောင့် ရွှေဘောလုံးဆုရှင် ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ဘယ်လင်ဟမ်ရဲ့ အနောက်မှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေက ၃၀ရာခိုင်နှုန်းနဲ့ ဒုတိယမြောက် ရေပန်းအစားဆုံး ကစားသမား အဖြစ် ရပ်တည်နေကာ အမ်ဘာပေရဲ့ အနောက်မှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟယ်ရီကိန်းက ၁၄ရာခိုင်နှုန်းနဲ့ တတိယမြောက် ရေပန်းအစားဆုံး ကစားသမား အဖြစ် ရှိနေပါတယ်။

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် ရရှိထားပါတယ်။