စပိန် ဝါရင့် ဘောလုံးသမားကြီး ဟွမ် မာတာက လက်ရှိ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ဂျေလိဂ်ကလပ် ဗစ်ဆဲလ် ကိုဘေအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက် ဘောလုံးသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးပဲ အသင်းသစ် တစ်သင်းသင်းကို ဆက်လက် ရှာဖွေသွားဦးမယ်လို့ သိရပါတယ်။

အသက် (၃၅)နှစ်အရွယ် စပိန် လက်ရွေးစင်ဟောင်း ကွင်းလယ် ကစားသမားကြီး မာတာဟာ ရီးယဲလ်မက်ဒရစ် လူငယ် အကယ်ဒမီထွက်ဖြစ်ပြီး ဗလင်စီယာအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။

Photo Credit : talkSPORT

အဲ့ဒီနောက် ချယ်လ်ဆီး မန်ချက်စတာ ယူနိုက်တက်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘောလုံးသမားဘဝကို ဆယ်စုနှစ်တစ်ခုအထိ ဖြတ်သန်းခဲ့တဲ့ မာတာက အင်္ဂလန်မြေပေါ်တွင် အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ပါတယ်။

စပိန် လက်ရွေးစင်အသင်းနဲ့ပါ ကမ္ဘာ့ဖလား ယူရိုပါဖလားတွေထိ ဆွတ်ခူးနိုင်ခဲ့တဲ့ မာတာက စပိန်အတွက် ပွဲပေါင်း (၄၁)ပွဲအထိ ကစားပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ပွဲပေါင်း (၂၇၈)ပွဲအထိ ကစားထားနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားကလွဲပြီး အက်ဖ်အေဖလား နဲ့ လိဂ်ဖလားတို့ကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Optus Sports

မာတာက ယူနိုက်တက်နဲ့ လမ်းခွဲဖြစ်ချိန် တူရကီကလပ် ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီကမှ ဂျေလိဂ်ထိတောင် ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမယ့် မာတာက ဗစ်ဆဲလ် ကိုဘေအသင်းမှာ ပွဲကစားခွင့် မယ်မယ်ရရ မရှိပဲ အခုတော့ အသင်းကနေ တရားဝင် ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အသက်အရွယ်အရ (၃၅)နှစ်အရွယ်ထိ ရောက်ရှိနေပေမယ့်လည်း မာတာကတော့ တခြားနေရာတစ်ခုခုမှာ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းလိုပြီး ဆုဖလားတွေကိုလည်း ဆက်လက် ပိုင်ဆိုင်ချင်ပါကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။