ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေ များစွာလုပ်ဆောင်ထားတဲ့ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဗစ်တာအော်တာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ free agent ကစားသမား ဖြစ်နေရတဲ့ စပိန် ဝါရင့်ကွင်းလယ်ကစားသမားကြီး ဟွမ်မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် မာတာရဲ့ ဖခင်နဲ့ အေးဂျင့်တို့ကို ဆက်သွယ်ထားတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Both parties pushing for transfer with Leeds United deep in negotiations  with Juan Mata

Photo Credit : TEAMtalk

မနှစ်က ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် အသကုန် ရုန်းကန်ခဲ့ရတဲ့ လိဒ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းကို အတောင့်တင်းဆုံးပုံစံ ဖြစ်နေစေဖို့အတွက် ကစားသမားသစ် (၆)ယောက်ကို ပြောင်းရွှေ့ကြေး ယူရို(၁၀၅.၆၄)သန်းအထိ အသုံးပြုထားပြီး အာရွန်ဆန် ဆင်နီစတယ်ရာ တိုင်လာအဒမ်စ် မာ့ခ်ရိုကာ ခရစ္စတန်ဆန်နဲ့ ဂါယာဘီတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဒီလို ကစားသမား အမြောက်အများ ခေါ်ယူထားခဲ့ပေမယ့်လည်း ကယ်လ်ဗင်ဖီးလစ်နဲ့ ရာဖင်ညာတို့လို အသင်းအတွက် အရေးပါတဲ့ ကစားသမားနှစ်ဦးကို လက်လွတ်ထားခဲ့ရလို့ လက်ရှိမှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားကြီးတစ်ဦးကိုပါ ထပ်မံအားဖြည့်ဖွယ် ရှိနေပါတယ်။

Juan Mata linked with two top Spanish clubs following expiration of  Manchester United deal - Football España

Photo Credit : Football Espana

လိဒ်စ်အသင်း ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ မာခ့်ရိုကာတစ်ဦးတည်းသာ အသက်(၂၅)နှစ်နဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်နေတဲ့အတွက် ဘောလုံးအတွေ့အကြုံကောင်းတွေ ကြွယ်ဝထားတဲ့ ကစားသမားမျိုးကို ထပ်မံခေါ်ယူချင်လာခဲ့ရာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ မာတာကို ဆက်သွယ်လာမိခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်းကြီး မာတာဟာ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုကျော်အထိ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း (၂၇၇)ပွဲ ကစားထားနိုင်ခဲ့သလို ဂိုး (၅၀) သွင်းယူကာ (၆၄)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ ဖြစ်နေတဲ့ မာတာကို လာလီဂါကလပ်အသင်းတွေက အလိုရှိနေကြတဲ့အပြင် လိဒ်စ်အသင်းကလည်း မာတာလို ဝါရင့် ကစားသမားကြီးကို အသင်းအတွက် ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် မာတာက ယူနိုက်တက်မှာ တစ်ပတ် ပေါင်(၇၀၀၀၀)ထိ ရရှိနေတာဖြစ်လို့ လိဒ်စ်အသင်းအနေနဲ့ အဲ့ဒီ လစာပမာဏအတိုင်း မပေးချေနိုင်တဲ့အတွက် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး မာတာရဲ့ အခြေအနေကို ဂါလာတာစာရေးနဲ့ ဘက်ဆစ်တက်စ်အသင်းတွေကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။